• Follow Us on
Latest News

Home ကက်ရှ်မီးယားနယ်စပ်မှာ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် ပစ်ခတ်

ကက်ရှ်မီးယားနယ်စပ်မှာ အိန္ဒိယနဲ့ ပါကစ္စတန် အပြန်အလှန် ပစ်ခတ်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၄

 

အိန္ဒိယနဲ့ ပါကစ္စတန် တပ်ဖွဲ့ဝင်တွေဟာ ကက်ရှ်မီးယားနယ်စပ်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့က အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့ကြရာ ပါကစ္စတန်ဘက်က တပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က The Defense Post မှာ ရေးသား ဖော်ပြထားပါတယ်။

 

၁၉၄၇ ခုနှစ် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအဆုံးသတ်ပြီးနောက် အိန္ဒိယနိုင်ငံကနေ ပါကစ္စတန်ခွဲထွက်ပြီးကတည်းက ကက်ရှ်ီးယားဒေသဟာ နှစ်ပိုင်းကွဲနေတဲ့ ဒေသဖြစ်ပါတယ်။

 

နှစ်နိုင်ငံစလုံးက ကက်ရှ်မီးယားဒေသကို ၎င်းတို့ အပြည့်အဝပိုင်ဆိုင်ကြောင်း ပြောဆိုရင်း အဲဒီဒေသကို ထိန်းချုပ်ဖို့အ စစ်ပွဲကြီးနှစ်ကြိမ် ဖြစ်ပွားခဲ့သလို တိုက်ပွဲငယ်ပေါင်း မြောက်မြားစွာလည်း တောက်လျှောက်ဖြစ်ပွားခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲမှာ ပါကစ္စတန်တပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အရပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမည် မဖော်လိုတဲ့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး ပါကစ္စတန်အစိုးရ ရုပ်သံ PTV က ပြောပါတယ်။

 

ပါကစ္စတန်တပ်ဖွဲ့တွေက အိန္ဒိယတပ်ဖွဲ့တွေကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့ရတာဖြစ် ကြောင်း အမည်မဖော်လိုတဲ့ အိန္ဒိယလုံခြုံရေးအရာရှိတွက NDTV ရုပ်သံဌာနကို ပြောပါတယ်။

 

AFP သတင်းဌာနက မေးမြန်းတဲ့အခါမှာ ပါကစ္စတန်စစ်တပ်ဘက်ကရော အိန္ဒိယအရာရှိတွေကပါ ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အိန္ဒိယတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ပြီး နှစ်ရက်အကြာမှာ အခုထိတွေ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။

 

၂၀၀၃ ခုနှစ်က နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့တဲ့ နယ်စပ်ဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က အဲဒီအချိန်က တည်းက နှစ်ပေါင်းများစွာတည်တံ့နေပေမဲ့ စည်းမျဉ်းချိုးဖောက်တယ်ဆိုပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မကြာခဏ စွပ်စွဲကြ ပါတယ်။

 

အိန္ဒိယအုပ်ချုပ်ရေးနယ်မြေကို ဖြတ်သန်းဖို့ ကြိုးစားနေစဉ် ကက်ရှ်မီးယားနယ်စပ်တစ်လျှောက်မှာ သူပုန်နှစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း အိန္ဒိယကြည်းတပ်က ပြီးခဲ့တဲ့လက ပြောပါတယ်။

 

လွတ်လပ်ရေးတောင်းဆိုနေတဲ့ ဒါမှမဟုတ် ပါကစ္စတန်နဲ့ ပူးပေါင်းဖို့ တောင်းဆိုနေတဲ့ မူဆလင်အများစုရှိတဲ့ဒေသမှာ တပ်ဖြန့်ချထားတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေကို သူပုန်အုပ်စု လေးငါးဖွဲ့က တိုက်ခိုက်လျက်ရှိပါတယ်။ သူပုန်တွေနဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အဲဒီဒေသမှာ လူအများအပြားသေဆုံးခဲ့ရာ အများစုက အရပ်သားတွေဖြစ်ပါတယ်။

 

ကက်ရှ်မီးယားနယ်မြေ တစ်စိတ်တစ်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပယ်ဖျက်လိုက်ပြီး အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ အစိုးရ နယူးဒေလီကနေ တိုက်ရိုက်အုပ်ချုပ်ဖို့ ပြဋ္ဌာန်းလိုက်တဲ့ ၂၀၁၉ ခုနှစ်ကစပြီး တိုက်ပွဲဖြစ်ပွားမှုတွေ ကျဆင်းလာခဲ့ ပါတယ်။

 

ဒါပေမဲ့ သုံးနှစ်အတွင်း အိန္ဒိယတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံးခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ သူပုန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် တောင်ထူထပ်တဲ့ အဲဒီတောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့နှစ်က နောက်ထပ် တပ်ဖွဲ့ဝင်အင်အား ထောင်ပေါင်းများစွာ ထပ်မံ တပ်ဖြန့်ချထားလိုက်ပါတယ်။

 

အိန္ဒိယတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ကက်ရှ်မီးယားသူပုန်တွေကို ပါကစ္စတန်နိုင်ငံက သွေးထိုးပေးနေတယ်လို့ အိန္ဒိယ အစိုးရက ပါကစ္စတန်အစိုးရကို ပုံမှန်စွပ်စွဲပြစ်တင်လေ့ရှိပါတယ်။ ဒါပေမဲ့ အိန္ဒိယစွပ်စွဲချက်တွေကို ပါကစ္စတန်က ငြင်းဆိုပြီး ၎င်းတို့အနေနဲ့ ကက်ရှ်မီးယားဒေသခံတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ကိုသာ ထောက်ခံနေတာဖြစ်ကြောင်း ပြောပါတယ်။

 

Ref: India, Pakistan Exchange Fire Across Kashmir Border: Reports

 

#PeopleMedia


Share this post