ကချင်ပြည်နယ်၊ လီဒိုလမ်းမကြီးအနီးရှိ ဝါရာဇွပ်ပြည်သူ့စစ် အထိုင်စခန်ကို KIA အဖွဲ့မှ လာရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့၊ လက်ရှိအချိန်၌ KIA အဖွဲ့ ပြန်လည်ဆုတ်ခွာသွားဟုဆို

PUBLISHED - December 27, 2021
ကချင်၊ ဒီဇင်ဘာ ၂၇ (People Media)
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လီဒိုလမ်းမကြီးအနီးရှိ ဝါရာဇွပ်ပြည်သူ့စစ် အထိုင်စခန်ကို KIA အဖွဲ့မှ လာ ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိအချိန်၌ KIA အဖွဲ့သည် ပြန်လည်ဆုတ်ခွာသွားပြီး ဖြစ်ကြောင်း ဝါရာဇွပ်ပြည်သူ့စစ် ပြည်သူ့စစ်ခေါင်းဆောင်က ပြောသည်။
“သူတို့က စခန်းကို ဝိုင်းထားတာ။ အဲ့ဒါကို သတင်းရတယ်။ သူတို့က စခန်းနားကို ကပ်လာတာ သတင်းရတော့ ကျွန်တော်တို့ ပတ်ကင်းက ပြန်ရှာတာ။ နှစ်ဖက်တိုက်ပွဲဖြစ်တယ်။ သူတို့ ပြန်ဆုတ်သွားပြီ” လို့ ဝါရာဇွပ်ပြည်သူ့ စစ် ပြည်သူ့စစ်ခေါင်းဆောင်က ပြောပါတယ်။
KIA အဖွဲ့သည် အဆိုပါ ပြည်သူ့စစ်စခန်းကို တိုက်ခိုက်ရန် အင်အား ၇၀ ဖြင့် ချီတက်လာခြင်းဖြစ်ပြီး ၎င်းတို့ကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့၏ ပတ်ကင်းမှ အင်အား ၃၀ ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနံနက် ၁၀ နာရီအချိန်က စဖြစ်တာ၊ ၁၂နာရီ ၁၀ မိနစ်မှာ ပြန်ဆုတ်သွားပါတယ်” လို့ ဝါရာဇွပ်ပြည်သူ့စစ် ပြည်သူ့စစ်ခေါင်းဆောင်က ပြောသည်။
အလားတူ ယခင်က KIA လက်နက်ကိုင်အဖွဲ့သည် ဝါရာဇွပ်ပြည်သူ့စစ် ပြည်သူ့စစ်ခေါင်းဆောင်နေအိမ်၌ ရှိနေစဉ် လာရောက်လုပ်ကြံမှုပြုခဲ့သော်လည်း မအောင်မြင်ဘဲ လာရောက်လုပ်ကြံသည့် KIA အဖွဲ့ဝင်အချို့ သေဆုံးခဲ့သည်။
တနိုင်းမြို့နယ်ရှိ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့သည် လူငယ်များဖြင့် ဖွဲ့စည်းထားပြီး ဒေသခံပြည်သူများ၏ ထောက်ခံ မှုကို ရရှိထားသလို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည် အဖွဲ့တစ်ခုဖြစ်သည်။
#PeopleMedia #ဝါရာဇွပ်ပြည်သူ့စစ်
(unicode)
…………………………………………………….