ကချင်ပြည်နယ် နယ်လုံဝန်ကြီး(ငြိမ်း) ဗိုလ်မှူးကြီးသန်းအောင် ကွယ်လွန်
PUBLISHED - September 19, 2023
မြစ်ကြီးနား၊ စက်တင်ဘာ ၁၉
၂၀၁၀- ၂၀၁၅ ခုနှစ် အတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန် ထမ်း ဆောင်ခဲ့သော ဗိုလ်မှူးကြီး သန်းအောင်သည် ၉၆ ပါးသော ရောဂါဖြင့် ရန်ကုန်မြို့၊ Grand Hantha International Hospital ၌ ဆေးကုသနေစဉ် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက် ယနေ့ နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း သိရသည်။
ဗိုလ်မှူးကြီး သန်းအောင်သည် လက်ရှိ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကချင် ပြည်နယ် ကော်မတီဝင်တစ်ဦးဖြစ်ပြီး ပါတီလုပ်ငန်းတာဝန်များ ထမ်းဆောင်နေစဉ် ပြီးခဲ့သည့်လများက ကျန်းမာ ရေးအခြေအနေကြောင့် ခွင့်ယူကာ ထိုင်းနိုင်ငံနှင့် ရန်ကုန်မြို့တို့တွင် ဆေးကုသမှုခံယူနေရာမှ ယနေ့ ကွယ်လွန် သွားကြောင်းကို ဝမ်းနည်းဖွယ်ရာ ကြားသိရသည်ဟု ၎င်း၏ လုပ်ဖော်ကိုင်ဘက် တစ်ဦးက ပြောပြသည်။
“ဗိုလ်မှူးကြီးက ကျန်းမာရေးမကောင်းလို့ ဆေးကုနေတာ ကြာပါပြီ၊ ဒီမနက် ဆုံးသွားတယ်လို့ ကြားသိရတော့၊ အရမ်းပဲ စိတ်မကောင်း ဖြစ်မိပါတယ်၊ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း သူ့ရဲ့ကျန်ရစ်သူ မိသားစု တွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ပြောကြားလိုပါတယ်၊ သူဟာ စစ်ဘက် အရပ်ဘက်မှာ နေခဲ့ပြီး ပြည်နယ်အကျိုး၊ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သူလဲ ဖြစ်ပါတယ်၊ ဗိုလ်မှူးကြီး ကောင်းရာသုကတိလားပါစေ လို့ ဆုတောင်းကူပါတယ်” ဟု ကချင်ပြည်နယ် ပြည်ခိုင် ဖြိုးပါတီကော်မတီဝင်တစ်ဦးက ဆိုသည်။
ဗိုလ်မှူးကြီး သန်းအောင်သည် ၂၀၀၇-၂၀၁၁ ခုနှစ်အတွင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တွင် စစ်ဗျူဟာမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၈-၂၀၁၀ ခုနှစ် အတွင်း ဖားကန့်မြို့တွင် အခြေပြုလျှက် ဒေသဖွံ့ဖြိုးရေး၊ နယ်မြေ အေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။
ဗိုလ်မှူးကြီး သန်းအောင်သည် တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ခဲ့စဉ် (၃၃)နှစ်တာ ကာလများ၌ ရာထူး အဆင့်ဆင့်ဖြင့် နောင်ချိုမြို့၊ ကမာဝက်(မုဒုံမြို့)၊ သံဖြူဇရပ်မြို့၊ မော်လမြိုင်မြို့၊ ကျောက်မြောင်း (ရွှေဘိုမြို့)၊ ထားဝယ်မြို့၊ ကော့သောင်းမြို့၊ ပိုင်ဒဝယ် (ဘီလင်းမြို့)၊ ကမ်းနီ (မင်းပြားမြို့)၊ မြစ်ကြီးနားမြို့တို့တွင် ကျရာ တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ၂၀၁၀- ၂၀၁၅ ခုနှစ် အတွင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တာဝန် ထမ်းဆောင်ခဲ့ပြီး ပြည်နယ် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ခဲ့သော လုပ်ငန်းများဖြစ်သော ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် အဖြစ် လည်းကောင်း၊ ကချင်ပြည်နယ် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ခေါင်းဆောင်အဖြစ်လည်ကောင်း၊ ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်များအား တရုတ်နိုင်ငံ ရွှေလီမြို့တွင်လည်းကောင်း၊ မြစ်ကြီးနားမြို့တွင်လည်းကောင်း၊ ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့်များ၌ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး သန်းအောင် ကွယ်လွန်ချိန်၌ ၎င်းမှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
မြတ်မင်း(EPN)
#PeopleMedia