ကချင်အထူးဒေသ(၁) အတွင်း ကျူးကျော်ဝင်ရောက်လာသည့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့အား ပြန်လည် တိုက်ထုတ်နေဟုဆို
PUBLISHED - September 27, 2024
မြစ်ကြီးနား၊ စက်တင်ဘာ ၂၇
ကချင်အထူးဒေသ(၁) ဒေသများအတွင်းသို့ KIA၊ PDF ပူးပေါင်းအဖွဲ့တို့မှ ကျူးကျော်ဝင်ရောက်လာ၍ ဒေသအတွင်းမှ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့တို့က စက်တင်ဘာလဆန်းပိုင်းကစပြီး ထိုးစစ်ဆင် ပြန်လည်တိုက်ထုတ်လျက်ရှိသည်။
KIA၊ PDF ပူးပေါင်းအဖွဲ့သည် ကချင်အထူးဒေသ(၁) နယ်မြေများဖြစ်သည့် ချီဖွေ၊ ဖီမော်၊ ဆော့လော်၊ ပန်ဝါ နှင့် ကံပိုင်တည် စသည့် ဒေသများအတွင်းသို့ စစ်ရေးဖော်ဆောင် ကျူးကျော်ဝင်ရောက်လာခြင်းများ ပြုလုပ်ခဲ့၍ ပြီးခဲ့သည့် ဧပြီလအတွင်းကစ၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ လက်ရှိအချိန်၌လည်း ပန်ဝါဒေသရှိ လဂွေကျေးရွာအနီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။
“ထာဝရငြိမ်ချမ်းရေးနယ်မြေဖြစ်တဲ့ ကချင်အထူးဒေသ(၁) နယ်မြေထဲကို KIA၊ PDF ပူးပေါင်းအဖွဲ့တွေ ကျူးကျော်ဝင်ရောက်လာပြီးနောက်မှာဘဲ ကျွန်တော်တို့ ဒေသအတွင်း ငြိမ်းချမ်းမှု မရှိလာတော့ဘူး။ တိုက်ပွဲတွေဖြစ်လာတယ်။ ပြီးတော့ လူငယ်၊ လူကြီး မကျန်အကုန်လုံးကို လူသစ်စုဆောင်းတာတွေ လုပ်တယ်။ စာသင်ကျောင်းအများစု ပိတ်ထားရတယ်။ ခရီးသွားလာလို့လည်းမရ လမ်းတွေပိတ်ထားတယ်။ အဲ့ဒီလို အဖျက်အမှောက်တွေ လုပ်လာတော့ ဒေသခံတွေကလည်းလက်မခံလာတော့ပဲ အခုဆို တိုက်ပွဲတွေ ဖြစ်နေတယ်” ဟု ပန်ဝါဒေသခံများကပြောသည်။
ဆော့လော်မြို့နယ်အတွင်းသို့ KIA၊ PDF ပူးပေါင်းအဖွဲ့များက လူအင်အား၊ လက်နက်အင်အား အလုံးအရင်း သုံး၍ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့က ဝင်ရောက်လာပြီး ဒေသအတွင်းက လူငယ်အများစုကို အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်ခဲ့သည့်အပြင် ပညာရေးကျောင်းများကိုလည်း ပိတ်ပင်ခဲ့သည့်အတွက် ဒေသအတွင်းက ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေ ရကြောင်း မျှော်ဂျောင်ကျေးရွာ ပြည်သူများက ဆိုသည်။
ကချင်အထူးဒေသ(၁) နယ်မြေများဖြစ်သည့် ချီဖွေ၊ ဖီမော်၊ ပန်ဝါ၊ ကံပိုင်တည် စသည့် ဒေသများအတွင်းသို့ KIA၊ PDF ပူးပေါင်းအဖွဲ့မှ စစ်ရေးဖော်ဆောင် ကျူးကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် လက်ရှိအချိန်တွင် KIA၊ PDF ပူးပေါင်းအဖွဲ့အား ပြန်လည်တိုက်ထုတ်နေကြောင်း ပန်ဝါမြို့နေသူတစ်ဦးက ဆိုသည်။
“လဂွေ ပြည်သူ့စစ်တပ်စခန်းနဲ့ ၂၀၁၂ ခုနှစ်က KIA တွေ လာပြီးမှ ကျူးကျော်သိမ်းပိုက်ထားတဲ့ ဖရဲကျေးရွာက ကျွန်တော်တို့ဌာနေ ပြည်သူတွေ ပြန်လည်လွတ်မြောက်ဖို့နဲ့ အစိုးရရဲ့ တရားဥပဒေစိုးမိုးမှုတွေ ပြန်လည်ရရှိရေး တို့အတွက် နယ်စပ်မှတ်တိုင်(၆)၊ နယ်စပ်မှတ်တိုင်(၅)တို့ကို ပြန်လည်ရရှိဖို့ စက်တင်ဘာ ၉ ရက်နေ့ကစပြီးမှ ပြည်သူ့စစ်အဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့တို့က တပ်မတော်သားတွေနဲ့ ပူးပေါင်းပြီး KIA၊ PDF ပူးပေါင်းအဖွဲ့တို့ကို ပြန်လည်တိုက်ထုတ်နေကြတယ်။ တချို့ တပ်စခန်းကုန်းတွေ ပြန်လည်ရရှိခဲ့တာတွေ ရှိတယ်။ လက်ရှိ အချိန်မှာတော့ စစ်ရေးတင်းမာနေဆဲပဲ” ဟု ၎င်းကရှင်းပြသည်။
KIA၊ PDF ပူးပေါင်းအဖွဲ့မှ ကချင်အထူးဒေသ(၁) နယ်မြေများအတွင်း ကျူးကျော်ဝင်ရောက်လာပြီး ဒေသ တည်ငြိမ်အေးချမ်းမှုအား ဖျက်ဆီးလျက်ရှိကာ ဒေသခံပြည်သူများအပေါ် လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အနိုင်ကျင့်မှုများ ပြုလုပ်လာပြီး လူမျိုးကြီးဝါဒ ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
ပန်ဝါဒေသအတွင်း တိုက်ပွဲများဖြစ်ပွားလာသည့်အတွက် တရုတ်-မြန်မာ နယ်စပ်အနီးတဝိုက် တိုက်ပွဲ ဖြစ်ပွားခြင်းများ မပြုလုပ်ကြရန် တရုတ်အစိုးရဘက်မှ တောင်းဆိုထားမှုများရှိသည်ဟု ပန်ဝါမြို့ခံပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
ရန်နိုင်
#PeopleMedia