ကနီမြို့ကို PDF တွေ တိုက်ခိုက်နေတာ လေးရက်မြောက်ရှိနေပြီဖြစ်ပြီး စနိုက်ပါများဖြင့် ထောက်ထားမှုကြောင့် ပိတ်မိနေသည့် ဝန်ထမ်းများ လှုပ်မရဖြစ်နေ
PUBLISHED - March 5, 2024
နေပြည်တော်၊ မေ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့ကို PDF အဖွဲ့ဝင်များက လေးရက်ကြာတိုက်ခိုက်နေပြီး စနိုက်ပါများဖြင့် ထောက်ထားသဖြင့် ပိတ်မိနေသည့် ဝန်ထမ်းများသည် လှုပ်၍မရပင် ဖြစ်နေကြောင်း သိရသည်။
ကနီမြို့ကို မတ်လ (၂)ရက် နံနက် (၅)နာရီခွဲမှ စတင်က KIA/AA/PDF ပူးပေါင်းအဖွဲ့ဝင်များမှ ပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး ဒရုန်းဗုံးဖြင့် ပစ်ချခြင်း၊ ၄၀ မမများဖြင့် ပစ်ခြင်း၊ စိန်ပြောင်းများဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသလို ကနီဆေးရုံ၊ လျှပ်စစ်ရုံး၊ မီးသတ်ရုံးများဘက်မှ စနိုက်ပါများဖြင့် ထောက်ထားကြောင်း သိရသည်။
“သူတို့ လာတိုက်တာ လေးရက်မှာ တစ်ရက်တစ်ရက်ကို ဒရော့ဗုံးနဲ့ ဗုံးချတာ အလုံး (၈၀)ကျော်လောက် ရှိတယ်။ တစ်ခါလာချလို့ရှိရင် (၆)လုံးတွဲ တွေ လာချတာ။ အပေါ်က ဒရုန်းနဲ့ လာချတဲ့အချိန်မှာ မြေပြင်ကနေ အနီးကပ်လာဝိုင်းတယ်။ ကျနော်တို့ အဝန်းအဝိုင်းရဲ့ တစ်အိမ်ကျော်ကနေ ၄၀ မမ တွေနဲ့ ထုတယ်။ စိန်ပြောင်း တွေနဲ့လည်းထုတယ်။ မီးလောင်ဗုံးတွေလည်း ချတယ်။ ခုလက်ရှိတော့ လေယာဉ်လာကူ ပေးနေတယ်။ ဒီပိတ်မိ နေတဲ့ စစ်ကြောင်းတွေတော့ ဘယ်စစ်ကြောင်းမှ လှုပ်လို့မရဘူး။ စနိုက်ပါနဲ့ ထောက်ထား ခံနေရတယ်” ဟု ကနီမြို့တွင် ပိတ်မိနေသည့် ဝန်ထမ်းတစ်ဦးက ပြောသည်။
ကနီမြို့တွင် ရပ်ကွက် (၃)ရပ်ကွက်ရှိပြီး ရပ်ကွက်အားလုံးကို PDF အဖွဲ့ဝင်များ ရောက်ရှိနေကြောင်းနှင့် လေ ယာဉ်ဖြင့် လာရောက်ပစ်ခတ်ချိန်တွင် အိမ်များအတွင်း ဝင်ရောက်ပုန်းအောင်းနေပြီး လေယာဉ်ပြန်သွားချိန်တွင် ထပ်မံပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ကနီမြို့ ရပ်ကွက် ၃ ရပ်ကွက်ရှိတယ်။ ရပ်ကွက်အကုန်လုံးက PDF တွေ ဝင်နေတယ်ဗျ။ အခုပိတ်မိနေတာက ဝန်ထမ်းတွေချည်းပဲ ဖြစ်နေတယ်။ ဝန်ထမ်းအတော်များများက ထွေအုပ်နဲ့ တပ်စခန်းတွေထဲမှာ ပိတ်မိနေပါ တယ်။ အခြားဝန်ထမ်းတွေ အကုန်လုံးက အဖမ်းခံလိုက်ရပြီ။ မြေပြင်စစ်ကြောင်းက မလာသေးဘူး။ လေယာဉ်က ခဏတဖြုတ်လာပစ်ပြီး ပြန်သွားတယ်။ လေယာဉ်လာပစ်နေတဲ့အချိန်မှာ PDF တွေက ရပ်ကွက်ထဲမှာရှိတဲ့ အိမ်တွေထဲ ဝင်ခိုအောင်းနေတယ်။ လေယာဉ်ပြန်သွားရင် သူတို့ ထပ်လာပြီးပစ်တယ်။ တနေကုန်မနားဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကနီမြို့ကို KIA/PDF/AA ပူးပေါင်းအဖွဲ့များအပြင် ချင်းလက်နက်ကိုင်များပါ ပါဝင်တိုက်ခိုက်နေကြောင်းနှင့် ဆေးရုံ၊ လျှပ်စစ်ရုံးနှင့် မီးသတ်ရုံးများပေါ်တွင် ခြေကုပ်ယူကာ စနိုက်ပါဖြင့် ထောက်ထားခြင်းကြောင့် အဆိုပါ နေရာများကို ရှင်းလင်းပေးစေလိုကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ကနီမြို့ရှိ ဝန်ထမ်းအချို့ကိုလည်း PDF အဖွဲ့ဝင်များမှ ဖမ်းဆီးသွားသလို ပြည်သူများလည်း အဖမ်းခံရ ကြောင်းနှင့် ဝန်ထမ်းတော်တော်များများသည် မြို့ခံများဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကနီမြို့ ရဲစခန်း အရှေ့ဘက်ကပ်ရပ်ရှိ ဥပဒေဝန်ထမ်းအိမ်ရာကို PDF အဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးသွားခြင်းကြောင့် ရဲစခန်းပါ မီးကူးလောင်နေကြောင်း သိရသည်။
#PeopleMedia