ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုး အလုပ်အမှုဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဖမ်းဆီးခြင်းခံထားရ

PUBLISHED - September 22, 2021
နေပြည်တော်၊ စက်တင်ဘာ ၂၂ (People Media)
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးအလုပ်အမှုဆောင်တစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးပြည်စုံသည် ဖမ်းဆီးခြင်းခံထားရကြောင်း ဒေသခံများ က People Media သို့ပြောသည်။
ပြီးခဲ့သည့်လက ကန်ကြီးထောင့်မြို့၊ အမှတ်(၁)ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အလုပ်အမှုဆောင်ဖြစ်သူ ဦးမောင်မောင်မြင့်သည် သေနတ်ဖြင့် လုပ်ကြံခြင်းခံခဲ့ရသည်။
ဦးမောင်မောင်မြင့်ကို လုပ်ကြံမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကန်ကြီးထောင့်မြို့ပြပြောက်ကျားအဖွဲ့ STF KGD အဖွဲ့က သတင်းထုတ်ပြန်မှုရှိခဲ့သည်။
ဒု-မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးပြည်စုံသည် ကန်ကြီးထောင့်မြို့ပြပြောက်ကျားအဖွဲ့ STF KGD အဖွဲ့ကို ငွေကြေးအရ ထောက်ပံ့နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုခဲ့သည်။
ဦးမောင်မောင်မြင့် လုပ်ကြံခံရမှုဖြစ်စဉ်၌ ဖမ်းဆီးခံရသူများ၏ ပြောဆိုချက်အရ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ ကို လုံခြုံရေးအဖွဲ့များက စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့် ၎င်းကို ဖမ်းဆီးခဲ့သည်။
အလားတူ ပြီးခဲ့သည့်လအတွင်းက ကန်ကြီးထောင့်မြို့နယ်၌ အစိုးရရုံးများ ဗုံးကွဲခြင်းများ ဖြစ်ပေါ်ခဲ့သည်။
#PeopleMedia #ကန်ကြီးထောင့်မြို့
(unicode)
……………………………………………………………………