ကမ္ဘာတစ်ဝန်းက ရွှေ့ပြောင်းနေထိုင်သူတွေ အမေရိကန်ကို နယ်စပ်ကနေ ခိုးဝင်နေ
PUBLISHED - June 7, 2024
နိုင်ငံတကာ၊ ဇွန် ၇
နိုင်ငံစုံက ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဟာ အမေရိကန်-မက္ကဆီကို နယ်စပ်ကတစ်ဆင့် ကယ်လီဖိုးနီး ယားသဲကန္တာရကိုဖြတ်ပြီး အမေရိကန်နိုင်ငံထဲကို တရားမဝင်ခိုးဝင်နေကြကြောင်း ရိုက်တာသတင်းဌာနက ရေး သားဖော်ပြထားပါတယ်။
မကြာသေးခင်လပိုင်းအတွင်းက ဆန်ဒီယာဂို-မက္ကဆီကို နယ်စပ်ဟာ အမေရိကန်နိုင်ငံထဲမှာ ခိုလှုံဖို့နဲ့ အခွင့်အ လမ်းသစ်တွေရှာဖွေဖို့အတွက် ရွှေ့ပြောင်းနေထိုင်သူအများစု ဖြတ်သန်း ဝင်ရောက်ရာနေရာတစ်ခုဖြစ်လာ ခဲ့ ပါတယ်။
ဆန်ဒီယာဂိုကောင်တီရှိ သဲကန္တာရကို ဖြတ်သန်းလာတဲ့ရွှေ့ပြောင်းနေထိုင်သူတွေဟာ ၎င်းတို့ကလေးတွေကိုပါ ခေါ်ဆောင်လာခဲ့ပြီး တချို့ဆိုရင် နို့စို့အရွယ်လသားကလေးတွေပါ ပါလာပါတယ်။
ပြီးခဲ့တဲ့လက အဲဒီနယ်စပ်ဒေသကို ဖြတ်သန်းဝင်ရောက်နေကြတဲ့ ကိုလမ်ဘီယာ၊ အီကွေဒေါ၊ ပီရူး၊ တူရကီ၊ ဘရာဇီး၊ ဂျော်ဒန်၊ အီဂျစ်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် မက္ကဆီကိုနဲ့ ဗဟိုအမေရိကနိုင်ငံတွေက နိုင်ငံသားတွေကိုပါ ရိုက်တာသတင်းထောက်တွေက တွေ့ခဲ့ရပါတယ်။
ဒီမိုကရက်တွေက နိုဝင်ဘာလရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံနိုင်ဖို့ ကြိုးပမ်းနေစဉ်အတွင်း အခုလို နယ်စပ် ဖြတ်ကျော်ဝင်ရောက်မှုတွေများပြားလာတာဟာ သမ္မတဂျိုးဘိုင်ဒန်အတွက် နိုင်ငံရေးမုန်တိုင်းတစ်ခု အစပျိုးပေး လိုက်တာပဲဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို ရွှေ့ပြောင်းသူတွေဝင်ရောက်မှုများပြားလာတာဟာ ဘိုင်ဒန်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကို ဝေဖန်တိုက် ခိုက်ဖို့အတွက် ရီပတ်ဘလီကန်တွေနဲ့ သမ္မတလောင်းဒေါ်နယ်ထရမ့်ကို လက်နက်တပ်ဆင်ပေးလိုက်တာလည်း ဖြစ်ပါတယ်။
ခိုးဝင်လာသူတွေကို နိုင်ငံရေးခိုလှုံခွင့်မပေးဖို့ တားမြစ်ချက်တစ်ရပ်ကို အခုသီတင်းပတ်အတွင်း ကြေညာလိုက် ပြီးနောက် ရွှေ့ပြောင်းနေထိုင်သူတွေ ခိုးဝင်လာတဲ့အရေအတွက် လျှော့ပါးသွားမယ်လို့ ဘိုင်ဒန်အစိုးရက မျှော် လင့်ထားပါတယ်။
တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေကို ချက်ချင်းဖမ်းဆီးအရေးယူဖို့ ဘိုင်ဒန်အစိုးရက ညွှန် ကြားထားပေမဲ့ အဖော်မပါဘဲရောက်လာတဲ့ကလေးတွေ၊ ကျန်းမာရေးအခြေအနေ ဆိုးရွားနေသူတွေ ဒါမှမ ဟုတ် လုံခြုံရေးကြောင့် ဘေးအန္တရာယ်တစ်ခုခုကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေနဲ့ လူကုန်ကူးခံရသူတွေ ကိုတော့ ချွင်းချက်အဖြစ် ကင်းလွတ်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ဒီကနေ့အချိန်အထိ မက္ကဆီကို-အမေရိကန်နယ်စပ်တစ်လျှောက် ဖမ်းဆီးမိ တဲ့ တရားမဝင်ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူ ၁.၁၆ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။
ကိုလမ်ဘီယာနိုင်ငံသားအများအပြားကတော့ ၎င်းတို့နိုင်ငံတွင်းမှာ ဆက်လက်နေထိုင်ရင် အသက်အန္တရာယ်ရှိ တဲ့အတွက် ပြောင်းရွှေ့လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။
နယ်စပ်မျဉ်းတစ်လျှောက်မှာ နေထိုင်တဲ့အမေရိကန်နိုင်ငံသားဒေသခံတချို့ကတော့ ခိုးဝင်ရွှေ့ပြောင်းနေထိုင်သူ တွေကို ရေ၊ မုန့်ပဲသရေစာနဲ့ ဆေးဝါးတွေပေးပြီး ၎င်းတို့တတ်နိုင်သလောက် ကူညီနေကြပါတယ်။
ဂျော်ဒန်လူမျိုး သုံးဦးကတော့ ၎င်းတို့နိုင်ငံမှာ စားဝတ်နေရေးအလျင်မီအောင် မရှာဖွေနိုင်တဲ့အတွက် နီကာရာဂွာ ကတစ်ဆင့် လေယာဉ်နဲ့ ရောက်ရှိလာတာလို့ဆိုပါတယ်။ ဖခင်ဖြစ်သူအသတ်ခံရပြီးနောက် ကိုလမ်ဘီယာကနေ ထွက်ပြေးလာတဲ့ အသက် ၅၀ အရွယ် အလီဂျန်ဒရိုဆိုသူ ကတော့ “အမေရိကန်ပြည်သူတွေဟာ ၎င်းတို့ရဲ့ အတိဒုက္ခကို နားလည်နိုင်လိမ့်မယ်။” လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
“ဟောဒီနိုင်ငံခြားမြေမှာရောက်နေတဲ့ ကျွန်တော်တို့ဟာလည်း လူသားတွေပါပဲဗျာ။ ကျွန်တော်တို့လည်း နာကျင် တတ်တယ်၊ ပျော်ရွှင်ကြည်နူးတတ်ပါတယ်။ ကျွန်တော်တို့ကို လူသားချင်းစာနာထောက်ထားပြီး နွေးထွေးစွာကြို ဆိုဖို့ မျှော်လင့်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ဖန်ဆင်းခဲ့တာပါ။” လို့ ၎င်းက ပြောပါတယ်။
Ref: Migrants from around the world traverse California desert to reach US
#PeopleMedia