ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အမြင့်ဆုံး ပထမနိုင်ငံအဖြစ် မြန်မာနိုင်ငံ ရပ်တည်

PUBLISHED - December 13, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၃
လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွါးနေသည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘိန်းထုတ်လုပ်မှု အမြင့်ဆုံးနိုင်ငံ အဖြစ် အာဖဂန်နစ္စတန်ကိုကျော်ပြီး ရပ်တည်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODS) က ဒီဇင်ဘာလ ၁၂ ရက်က ထုတ်ပြန်ထားသည်။
ယခင်က အာဖဂန်နစ္စတန်သည် ကမ္ဘာတွင် ဘိန်းအများဆုံး ထုတ်လုပ်သည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီး ယခု အခါတွင်မူ မြန်မာက အာဖဂန်နစ္စတန်ကို ကျော်တက်ကာ ဘိန်းအများဆုံး ထုတ်လုပ်သော ကမ္ဘာ့ပထမ ဆုံးနိုင်ငံအဖြစ် ရောက်ရှိလာ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း တရားမဝင်ဘိန်းစိုက်ပျိုးမြေ ၁၈ ရာခိုင်နှုန်း ဧက ၁၁၆၄၀၀ ထိ တိုးလာကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု အခြေအနေသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း UNODS ၏ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ပိုမိုခေတ်မီလာသည့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသစ်များကြောင့် တစ်ဟက်တာလျှင် ဘိန်းအထွက်နှုန်း ၁၆ ရာခိုင်နှုန်းမှ ၂၂ ဒသမ ၉ ကီလိုဂရမ်အထိ တိုးလာသဖြင့် တောင်သူများအနေဖြင့် ဘိန်းစိုက်ပျိုးမှုကို ပိုမိုလုပ် ဆောင်လာကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးမှု အများဆုံးအဖြစ် ရှမ်းပြည်နယ်က ရပ်တည်နေပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် ဘိန်းစိုက်ဧရိယာ ချဲ့ထွင်မှု အများဆုံးဖြစ်ကြောင်းနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့်လည်း ဘိန်း ထုတ်လုပ်မှု တိုးလာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရှမ်းပြည်နယ်နောက်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသများအဖြစ် ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကယား ပြည်နယ်များမှ ရပ်တည်နေကြောင်း သိရသည်။
#PeopleMedia