ကမ္ဘာလုံးဆိုင်ရာဆန်းစစ်ချက်အစီရင်ခံစာအရ ပျက်စီးဆုံးရှုံးမှုများသည့် သဘာဝဘေးကြီးများသည် ၂၀၃၀ ပြည့်နှစ်သို့ရောက်ပါက (၁) နှစ်ကို အကြိမ် (၅၆၀) ခန့်အထိ တိုးလာနိုင်

PUBLISHED - October 19, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၉
၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန(၂) MICC – II ၌ပြုလုပ်ရာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ (၂၀၂၂)အရ ပျက်စီးဆုံးရှုံးမှုများသည့် သဘာဝဘေးကြီးများသည် ၂၀၁၅ ခုနှစ်အထိ (၁)နှစ်တွင် အကြိမ်(၄၀၀)ခန့် ဖြစ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်ပါက (၁)နှစ်ကို အကြိမ် (၅၆၀)ခန့်အထိ တိုးလာနိုင်ကြောင်း ကိုဖော်ပြထားပါကြောင်း၊ အထူးသဖြင့် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် ဆက်စပ်သည့်ဘေးများ ပိုမိုဖြစ်ပွားလာဖွယ်ရှိ ကြောင်း၊ ကမ္ဘာကြီး ပူနွေးလာမှုများ အယ်လ်နီညို ဖြစ်စဉ်များကြောင့် ရေနှင့် ဆက်နွှယ်သည့် ဘေးအန္တရာယ်ကို ပိုမိုဖြစ်ပွားစေပါကြောင်း၊ အင်အားပြင်းမုန်တိုင်းများ တိုက်ခတ်ခြင်း၊ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုဖြစ်စဉ်များ ပေါ်ပေါက်ခြင်းနှင့် ဆိုးရွားပြင်းထန်သည့် ရာသီဥတု ဖြစ်စဉ်များဖြစ်ပြီး လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် ပုံမှန်ထက် ပိုမိုသည့် ရေကြီးရေလျှံမှုများကို ပိုမိုဖြစ်ပေါ်စေပါကြောင်း ပြောသည်။
ကမ္ဘာတစ်ဝန်းဘေးဖြစ်ပွားမှုအနေဖြင့် ၂၀၂၂ ခုနှစ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးများအဖြစ် များခဲ့ကြောင်း၊ ဥရောပနိုင်ငံများတွင် ပြင်းထန်သည့် အပူလှိုင်းကြောင့် လူ (၁၆,၃၀၅)ဦး သေဆုံးခဲ့ပြီး ကမ္ဘာနှင့် အဝန်း မိုးခေါင်ရေရှားခြင်း၊ ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်းစသည့် ဘေးအန္တရာယ်များ ကြောင့် လူပေါင်း ထောင်နှင့်ချီပြီး သေဆုံးခဲ့ရသလို ပျက်စီးဆုံးရှုံးမှုများ များခဲ့ကြောင်း၊ ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တူကီယဲနှင့် ဆီးရီးယားနယ်စပ်တွင် အင်အား ၇ ဒသမ ၈ ရစ်ချ်တာစကေးရှိသည့် ငလျင်လှုပ်ခဲ့ပြီး လူ (၅၀,၀၀၀)ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ကလည်း ကြီးမားလှကြောင်း၊ အလားတူ ဖိလစ်ပိုင်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ က တိုင်ဖွန်း မုန်တိုင်းနှင့် ရေဘေးဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမုန်တိုင်း၏ အရှိန်သည် တရုတ်နိုင်ငံ Fujian (ဖီဂျန်း) ပြည် နယ်နှင့် ထိုင်ဝမ်တို့ကို တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ် ခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက သဘာဝဘေး ကျရောက်မှုများသည် ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံ၊ ဆင်းရဲမှုနှုန်း များသည့်နိုင်ငံ၊ ဘေးကျရောက်နိုင်ခြေများသည့်နိုင်ငံ၊ ထိခိုက်လွယ်သူများဖြစ်သည့် ကိုယ် ဝန်ဆောင်မိခင်များ၊ ကလေးသူငယ်များ၊ သက်ကြီးပုဂ္ဂိုလ်များ၊ မသန်စွမ်း သူများကို ဆိုးကျိုးပိုပြီး ခံစားရစေ ပါကြောင်း၊ ဘေးအန္တရာယ်ကျရောက်မှုသည် ဆင်းရဲမှု ကို တွန်းပို့ပေး သကဲ့သို့ ဆင်းရဲမှုကြောင့်ပင် ဘေးဒဏ် ကို နှစ်ဆ ပိုခံစားစေနိုင်သည် ဆိုသည့် သံသရာစက်ဝန်းကို ဖြတ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် သဘာဝဘေး အန္တရာယ်များနှင့် ယှဉ်တွဲနေထိုင်နေရသည့် လူမှုအသိုက်အဝန်းများသည် ဖြစ်လာနိုင်သည့် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်ရန် ကြိုတင်ပြင်ဆင်မှုများ အားကောင်းအောင်၊ ခိုင်မာအောင်ဆောင်ရွက်ရမှာ ဖြစ် ကြောင်း ပြောသည်။
ပညာတတ်မြောက်မှု မညီမျှခြင်း၊ နည်းပညာဆိုင်ရာကွာဟခြင်း၊ လူနေမှုအဆင့်အတန်းနှင့် ဆင်းရဲချမ်းသာ ကွာဟချက်များရှိနေခြင်းကြောင့် ခွဲခြားဆက်ဆံမှုများ နည်းပါးနိုင်သမျှ နည်းပါးအောင် မိမိတို့အားလုံး ဝိုင်း ဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ဘေးဖြစ်နိုင်ချေလျှော့ချရေးအစီအစဉ်များ ဖော်ဆောင် သည့်အခါတွင် ကျား-မ တန်းတူပါဝင်နိုင်ရေး၊ ထိခိုက်လွယ်သူများ၏ လိုအပ်ချက်နှင့် အရေးပါမှုကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ သည်။
#PeopleMedia