ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်သည် မြန်မာပြည်သူလူထု၏ အကျိုးစီးပွါးကို ထိခိုက်စေနိုင်သည့်အတွက် စိုးရိမ်မိကြောင်း UMFCCI ထုတ်ပြန်
PUBLISHED - June 29, 2024
နေပြည်တော်၊ ဇွန် ၂၉
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်သည် မြန်မာပြည်သူလူထု၏ အကျိုးစီးပွါးကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွါးရေးအရ ဆက်ဆံမှုကိုလည်း ထိခိုက် စေနိုင်မည်ဖြစ်သဖြင့် စိုးရိမ်ပူပန်မိကြောင်း ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)က ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသည် အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အချို့မှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ ပါဝင်နေသည့်အတွက် အရေးယူ ပေးပါရန် တောင်းဆိုမှုများ ဖော်ပြထားသည့် အစီရင်ခံစာတစ်စောင်ကို ဇွန်လ (၂၆)ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ထုတ်ပြန်ချက်တွင်ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ်များ၊ ပြည်တွင်း နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ဘဏ်အချို့ကို အရေးယူရန် လုပ်ဆောင်ခြင်းသည် ပြည်တွင်း စီးပွါးရေးလုပ်ငန်းများ လည်ပတ်မှုအပေါ် သိသာသည့် သက်ရောက်မှုများ ရှိစေသည့်အပြင် အဆိုပါ လုပ်ငန်း များကို မှီခိုနေရသော ဝန်ထမ်းများနှင့် ၎င်းတို့မိသားစုဝင်များ၏ စားဝတ်နေရေးကို ထိခိုက်စေနိုင်ကြောင်း UMFCCI က ထုတ်ပြန်ထားသည်။
ယင်းအပြင် နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်အားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ် ဘဏ်များ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့် အထောက်အထားများ ရယူ၍ အလေးထားစိစစ်လုပ်ဆောင်ပေးနေကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ယင်းအတွက်ကြောင့် နိုင်ငံအတွင်း စီးပွါးရေးလုပ်ငန်းများအား ထိခိုက်စေနိုင်မှုမှတဆင့် အများပြည်သူ နစ်နာ ဆုံးရှုံးစေမှုကို မဖြစ်ပေါ်စေရန်နှင့် သာမန်ပြည်သူများ၏ လူမှုစီးပွါးဘဝများအား ထိခိုက်မှုမရှိစေရန်တို့ကို ဆောင်ရွက်ပေးစေလိုကြောင်း သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများအား UMFCCI က တိုက်တွန်း ထားသည်။
#PeopleMedia