ကမ္ဘာ့ပထမဦးဆုံး တာဝေး အနုမြူသံလိုက်စွမ်းအားရေဒီယိုဆက်သွယ်ရေးစနစ်ကို အမေရိကန်ကြည်းတပ် စမ်းသပ်
PUBLISHED - December 23, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃
အနုမြူကွန်တမ်အသံဖမ်းစက် (အနုမြူလျှပ်စစ်သံလိုက်စွမ်းအားအသံဖမ်းစက်) ကို အသုံးပြုထားတဲ့ ကမ္ဘာ့ ပထမဦးဆုံး တာဝေးဆက်သွယ်နိုင်တဲ့ ရေဒီယိုဆက်သွယ်ရေးစနစ်ကို စမ်းသပ်ခဲ့ကြောင်း အမေရိကန်ကြည်း တပ်က ပြောကြားလိုက်ပါတယ်။
ရိုက်ဘာ့ဂ်နည်းပညာကုမ္ပဏီ (Rydberg Technologies) က ဒီဇိုင်းရေးဆွဲထုတ်လုပ်တဲ့ အဲဒီ အနုမြူကွန်တမ် အသံဖမ်းစက်ဟာ မိမိအရေးကြီးသတင်းအချက်အလက်တွေကို ကြားဖြတ်ဖမ်းယူနားထောင်မယ့် ဟက်ကာတွေ ရဲ့ရန်က ကာကွယ်ဖို့အတွက် အနုမြူရေဒီယိုခြေရာခံထောက်လှမ်းရေးစနစ်သစ်တစ်ခုကို အကျိုးရှိစွာအသုံးချ ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီစနစ်ဟာ လျှပ်စစ်သံလိုက်စွမ်းအားနယ်ပယ်မှာ အလွန်သေးငယ်တဲ့ အပြောင်းအလဲတွေကို ပိုမိုထိရောက်စွာ တုံ့ပြန်နိုင်စွမ်းရှိတဲ့ ကွန်တမ်ဆင်ဆာ (လျှပ်စစ်သံလိုက်စွမ်းအားအာရုံခံကိရိယာ) တစ်ခုကို အသုံးပြုထားတာဖြစ် ပါတယ်။
အဲဒီလိုအသုံးပြုထားတဲ့အတွက် ဒီအသံဖမ်းစက်ကိရိယာဟာ သမရိုးကျဧရီယာတိုင် (ကောင်းကင်ကြိုး)ထက် လှိုင်းအလျားအမျိုးမျိုးကို ပိုမိုကျယ်ပြန့်စွာ ခြေရာခံထောက်လှမ်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
တစ်နှစ်တစ်ကြိမ်ပြုလုပ်နေကျ စစ်မြေပြင်လက်တွေ့စမ်းသပ်လေ့ကျင့်မှုတစ်ခုမှာ ရိုက်ဘာ့ဂ်နည်းပညာကုမ္ပဏီက ထုတ်လုပ်တဲ့ အဲဒီ အနုမြူကွန်တမ် အသံဖမ်းစက်ဟာ ကြိမ်နှုန်းမြင့်နဲ့ မဟာကြိမ်နှုန်းမြင့်လှိုင်းခွင်တို့ကတစ်ဆင့် အလွန်ဝေးကွာတဲ့ အကွာအဝေးကို ဆက်သွယ်မှုယူနိုင်ကြောင်း လက်တွေ့သရုပ်ပြနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ အနုမြူကွန်တမ်အသံဖမ်းစက်ဟာ အထူးသဖြင့် လျှပ်စစ်သံလိုက်စွမ်းအား အပြိုင်ထုတ်လွှင့်နေတဲ့ ပတ်ဝန်း ကျင်ခြေအနေမျိုးမှာ အကောင်းဆုံးအသံဖမ်းယူနိုင်ပြီး မလိုလားအပ်တဲ့ကြားဖြတ်နှောက်ယှက်မှုတွေကို ကောင်း စွာဖယ်ရှားနိုင်ကြောင်းလည်း သက်သေပြခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံက အနာဂတ်စစ်ပွဲတွေအတွက် လျှပ်စစ်သံလိုက်စွမ်းအားဆိုင်ရာ အသံလှိုင်းစဉ်ရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍအတွက် ကြိုတင်မျှော်လင့်ပြီး ပြင်ဆင်နေစဉ်အတွင်း လျှပ်စစ်သံလိုက်စွမ်းအား ရေဒီယိုဆက်သွယ် ရေးစမ်းသပ်မှု ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
တာဝေးဆက်သွယ်မှုကိုဆောင်ရွက်နိုင်တဲ့အပြင် အဲဒီ ကွန်တမ်ဆင်ဆာ (လျှပ်စစ်သံလိုက်စွမ်းအားအာရုံခံ ကိရိယာ) ကိုအသုံးပြုပြီး ရန်သူ့ဒရုန်းတွေနဲ့ အဆင့်မြင့်ဆက်သွယ်ရေးပစ္စည်းတွေ အသုံးပြုနေတဲ့ ရန်သူ့တပ်ဖွဲ့ ဝင်တွေကိုလည်း ခြေရာခံထောက်လှမ်းနိုင်ပါတယ်။
အလွန်ကြီးမားတဲ့ လျှပ်စစ်သံလိုက်စွမ်းအားကြားဖြတ်နှောင့်ယှက်မှုတွေကြားမှာ ဒရုန်း၊ လေယာဉ်နဲ့ သင်္ဘော တွေအချင်းချင်းကြား ဆက်သွယ်မှုရှိရေးအတွက် နည်းလမ်းသစ်တွေရှာဖွေဖို့အတွက်လည်း အဲဒီ ကွန်တမ်ဆင် ဆာက အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။
Ref: US Army Tests World’s First Long-Range Quantum Radio Communication
#PeopleMedia