ကမ္ဘာ့ဘီလျံနာတွေထဲမှာ ထိုင်းလူမျိုး ၂၆ ဦး ပါဝင်
PUBLISHED - April 4, 2024
နိုင်ငံတကာ၊ ဧပြီ ၄
ကမ္ဘာ့ဘီလျံနာ ၂,၇၈၁ ဦးထဲမှာ ထိုင်းလူမျိုး ၂၆ ဦး ပါဝင်ကြောင်း ဖောဘ်စ်မဂ္ဂဇင်း (Forbes) က ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည် ဆန်းစစ်လေ့လာမှုမှာ ဖော်ပြထားပါတယ်။
တစ်ကမ္ဘာလုံး ဘီလျံနာစာရင်းမှာ ပြီးခဲ့တဲ့နှစ်ကထက် ဘီလျံနာ ၁၄၁ ဦးထပ်တိုးလာပြီး ၂၀၂၁ ခုနှစ်မှာ စံချိန် တင် သတ်မှတ်ထားတဲ့ဦးရေထက် ၂၆ ဦးထပ်တိုးလာကြောင်း ဖောဘ်စ်မဂ္ဂဇင်းက ပြောပါတယ်။
ထိုင်းကိုယ်စားပြု ဘီလျံနာအုပ်စုထဲမှာ ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဦးလျော့ကျသွားပေမဲ့ ထိပ်ဆုံးရောက်နေတဲ့သူ ကတော့ လယ်ယာစီးပွားလုပ်ငန်းနဲ့ ချာရွန်အုပ်ဖန်းအုပ်စု ကုမ္ပဏီကြီးကို ဦးဆောင်တဲ့ ဒါနင်ချီယာဗန်နန့် ဖြစ်ပါ တယ်။
ထိုင်းနိုင်ငံရဲ့ ကြွယ်ဝချမ်းသာသူတွေထဲက ထိပ်ဆုံး ငါးဦးထဲမှာပါတဲ့ ဒါနင်ချီယာဗန်နန့်ဟာ ပိုင်ဆိုင်မှု ဒေါ်လာ ၁၂.၅ ဘီလျံရှိပြီး ကမ္ဘာ့အဆင့် ၁၅၉ ကြွယ်ဝချမ်းသာသူဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဒုတိယလိုက်တဲ့ ယမကာလုပ်ငန်းနဲ့ အိမ်ခြံမြေသူဌေးကြီး ချာရွန်းဆီရီဗဒေါ်နယ်ဘတ်ဒီကတော့ ဒေါ်လာ ၁၁.၃ ဘီလျံ ကြွယ်ဝပြီး ကမ္ဘာ့အဆင့် ၁၇၇ ဖြစ်ပါတယ်။ တတိယလိုက်တဲ့ စွမ်းအင်လုပ်ငန်းရှင် သူဌေးကြီး ဆရတ်ရတ္ထနာဗတ်ဒီကတော့ ဒေါ်လာ ၁၀.၇ ဘီလျံ ချမ်းသာ ကြွယ်ဝပြီး ကမ္ဘာ့အဆင့် ၂၀၀ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာက ဒေါ်လာ ၂.၁ ဘီလျံချမ်းသာပြီး ကမ္ဘာ့အဆင့် ၁,၅၄၅ ဖြစ်ပါ တယ်။
ဖောဘ်စ်မဂ္ဂဇင်းရဲ့စာရင်းမှာပါတဲ့ စုစုပေါင်းချမ်းသာကြွယ်ဝမှုဟာ ဒေါ်လာ ၁၄.၂ ထရီလီယန်ရှိရာ ၂၀၂၃ ခုနှစ် ထက် ဒေါ်လာ ၂ ထရီလီယန်မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် စံချိန်ထက် ဒေါ်လာ ၁.၁ ထရီလီယန်မြင့် တက်ခဲ့ခြင်းဖြစ်ပါတယ်။
စာရင်းပါဘီလျံနာအုပ်စုထဲက သုံးပုံနှစ်ပုံဟာ ပြီးခဲ့တဲ့တစ်နှစ်ကျော်ကာလကထက် ပိုမိုချမ်းသာကြွယ်ဝလာပြီး လေးပုံတစ်ပုံကတော့ နိမ့်ကျသွားတယ်လု့ိ ဆိုပါတယ်။
LVMH ဇိမ်ခံပစ္စည်းထုတ်လုပ်ရေး ကုမ္ပဏီပိုင်ရှင်ဖြစ်သူ ဘားနတ်အားနတ်ကတော့ ဒေါ်လာ ၂၃၃ ဘီလျံ ကြွယ်ဝ ချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးက ရပ်တည်နေပါတယ်။
ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ တက်ဆလာကုမ္ပဏီတည်ထောင်သူ အီလွန်မတ်ဖြစ်ပြီး ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁၉၆ ဘီလျံဖြစ်ပါတယ်။
တတိယအချမ်းသာဆုံးကတော့ Amazon.com တည်ထောင်သူ ဂျက်ဘေးဇိုးဖြစ်ပြီး ကြွယ်ဝမှု ဒေါ်လာ ၁၉၄ ဘီလျံရှိပါတယ်။
အမေရိကန်ပေါ့(ပ်) အဆိုတော် တေလာဆွစ်ကလည်း ဒေါ်လာ ၁.၁ ဘီလျံ ကြွယ်ဝချမ်းသာပြီး ကမ္ဘာ့ဘီလျံနာ စာရင်းထဲမှာပါလာကြောင်းသိရပါတယ်။
Ref: 26 Thais on global billionaires list
#PeopleMedia