• Follow Us on

Home ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန် ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ကို ဖိတ်ကြား

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန် ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ကို ဖိတ်ကြား

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၂

 

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ဟာ ထိုင်းဝန်ကြီးချုုပ်ဟောင်းသက်ဆင်ထံ ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီလ ၂၁ ရက်နေ့) က လာရောက်လည်ပတ်စဉ် ဖီယူထိုင်းပါတီခေါင်းဆောင် ပေထောင်တန်ရှင်နာဝပ်ထရာကို လာ မယ့်လမှာ ကမ္ဘောဒီးယားနိုင်ငံကို အလည်လာဖို့ ဖိတ်ကြားခဲ့ပါတယ်။

 

ဆက်ဆံရေးမြှင့်တင်ဖို့အတွက် သက်ဆင်ရဲ့ အငယ်ဆုံးသမီးဖြစ်သူ ပေထောင်တန်ကို မတ်လ ၁၄-၁၅ ရက်နေ့ မှာ ကမ္ဘောဒီးယားနိုင်ငံကို လာလည်ဖို့ ဖိတ်ကြားခဲ့ကြောင်း ဟွန်ဆန်က ပြောပါတယ်။

 

“ဘန်ကောက်မှာရှိတဲ့ သက်ဆင်အိမ်ကို ကျွန်တော်သွားရောက်လည်ပတ်ခဲ့ပါတယ်။ သူသိပ်နေမကောင်းပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို ညီအစ်ကိုတစ်ယောက်လိုပဲ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။” လို့ ၎င်းက Facebook လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။

 

“ဝန်ကြီးချုပ်ဟောင်းနှစ်ဦးဖြစ်တဲ့ ကျွန်တော်တို့ဟာ နိုင်ငံရေးအကြောင်းတွေ မဆွေးနွေးခဲ့ပါဘူး။ ၃၂ နှစ်ကြာ ခင် မင်ရင်းနှီးခဲ့တဲ့ အတိတ်ကအကြောင်းတွေကိုပဲ အမှတ်တရ ပြောဆိုခဲ့ကြတာပါ။ ကျွန်တော့်ကို ဧည့်ဝတ်ကျေပွန် တဲ့အတွက် ကျွန်တော့်ညီအစ်ကိုနဲ့ ကျွန်တော့်တူမလေးကို ကျေးဇူးတင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ကမ္ဘောဒီးယားပြည်သူ့ပါတီ (CPP) ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဟွန်ဆန်ဟာ ဘန်းဖလတ်ခရိုင်၊ ဆွိုင်ချာရန်ဆာနစ်ဝေါင်း ၆၉ လမ်းရှိ သက်ဆင်ရဲ့ ချန်ဆောင်လာအိမ်တော်ကြီးကို မနက် ၁၀ နာရီ ၅၁ မိနစ်မှာရောက်ရှိခဲ့ပြီး အဲဒီအိမ်မှာ ၂ နာရီကြာ စကားပြောဆို နေ့လယ်စာစားသောက်ပြီးနောက် မွန်းလွဲ ၁ နာရီမှာ ၎င်းလေယာဉ်ရှိရာကို ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

 

မစ္စပေထောင်တန်က ဟွန်ဆန်ရဲ့ Facebook ပို့စ်ကို ပြန်လည်တုံ့ပြန်ရေးသားရာမှာ ဟွန်ဆန်တစ်ယောက် ခရီး စဉ်ချောချောမွေ့မွေ့နဲ့ အိမ်ပြန်ရောက်အောင် ဆုတောင်းပေးနေကြောင်းနဲ့ ၎င်းရဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ ထောက်ခံမှုတွေအတွက် ကျေးဇူးတင်ပါကြောင်း ရေးသားခဲ့ပါတယ်။

 

တနင်္ဂနွေနေ့က သက်ဆင်ထောင်က လွတ်မြောက်ပြီး သုံးရက်အကြာမှာ အခုလို ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်က လာရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

 

သက်ဆင်ကို အာဏာရပါတီရဲ့ နောက်ကွယ်က ခေါင်းဆောင်အဖြစ် ရှုမြင်ထားကြပြီး ၎င်းအနေနဲ့ ဖီယူထိုင်းပါ တီနဲ့ အစိုးရအဖွဲ့အပေါ် လွှမ်းမိုးချုပ်ကိုင်လာမလားဆိုတာကို အနီးကပ်စောင့်ကြည့်လေ့လာနေကြပါတယ်။

 

သက်ဆင်နဲ့ ဟွန်ဆန်ဟာ အလွန်ရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၂ ရက်နေ့ သက်ဆင် ထိုင်းနိုင်ငံကိုပြန်မလာခင်မှာ သက်ဆင်နဲ့ ညီမဖြစ်သူ ယင်လတ်ရှင်နာဝပ်ထရာတို့ဟာ သြဂုတ်လ ၅ ရက်နေ့မှာ ဖနွမ်ပင်မြို့မှာ ကျင်းပခဲ့တဲ့ ဟွန်ဆန်ရဲ့ ၇၁ နှစ်မြောက် မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြပါတယ်။

 

၂၀၀၉ ခုနှစ်တုန်းက ဟွန်ဆန်က သက်ဆင်ကို ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

 

Ref: Paetongtarn gets invite

 

#PeopleMedia


Share this post