ကမ်းရိုးတန်းဒေသများတွင် အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် ငါးသယံဇာတများ သိသိသာသာလျော့ နည်းပြုန်းတီးလာကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးပြောကြား
PUBLISHED - June 25, 2024
နေပြည်တော်၊ ဇွန် ၂၅
ကမ်းရိုးတန်းဒေသများတွင် အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် ငါးသယံဇာတများ သိသိသာသာလျော့ နည်းပြုန်းတီးလာသည့်အပြင် ပင်လယ်ရေထုညစ်ညမ်းမှုများသည်လည်း ငါးသယံဇာတနှင့်ဂေဟစနစ်များကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟို ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ၏ (ပဉ္စမအကြိမ်) အစည်း အဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ကျင်းပခဲ့သည်။
ယခုအခါ ကမ္ဘာ့ငါးသယံဇာတ၏ ၃ဝ ရာခိုင်နှုန်းခန့်သည် အလွန်အကျွံထုတ်ယူသုံးစွဲခဲ့ကြပြီးဖြစ်ကြောင်း၊ ထိုသို့ကမ်းရိုးတန်းဒေသများတွင် အလွန်အကျွံထုတ်ယူသုံးစွဲမှုများကြောင့် ငါးသယံဇာတများ သိသိသာသာ လျော့နည်းပြုန်းတီးလာသည့်အပြင် ပင်လယ်ရေထုညစ်ညမ်းမှုများသည်လည်း ငါးသယံဇာတနှင့် ဂေဟ စနစ်များကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ ပင်လယ်ရေထုအတွင်း ရောက်ရှိလာသည့် စွန့်ပစ်ပစ္စည်းအများစုသည် ပလပ်စတစ်ပစ္စည်းများနှင့် စွန့်ပစ်ငါးဖမ်းပိုက်များဖြစ်သည်ဟု သိရှိရကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။
ထိုသို့ ပင်လယ်ရေထုညစ်ညမ်းမှုများသည် အဏ္ဏဝါရေပြင်ကို အလွန်ထိခိုက်စေခြင်းကြောင့် သန့်ရှင်းသည့် ငါးသယံဇာတများ ရေရှည်တည်တံ့စွာထုတ်ယူနိုင်မှု၊ စားနပ်ရိက္ခာဖူလုံမှု၊ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲပေါများကြွယ်ဝမှု၊ လူသားတို့၏ကျန်းမာရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများကို များစွာခြိမ်းခြောက်လျက်ရှိကြောင်း၊ စွန့်ပစ် ပစ္စည်းများစုပုံ ဖုံးအုပ်ခြင်းများကြောင့် ငါးနှင့်ပင်လယ်သတ္တဝါများသေကြေပျက်စီးပြုန်းတီးခြင်း၊ ကမ်းရိုးတန်းနှင့် အဏ္ဏဝါသဘာဝအရင်းအမြစ်များဖြစ်သည့် ဒီရေတော၊ သန္တာကျောက်တန်း၊ ပင်လယ်မြက်ခင်း၊ မြစ်ဝကျွန်း ပေါ်နှင့် သဲသောင်ကမ်းခြေများတွင် ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။
အပြည်ပြည်ဆိုင်ရာသဘာဝဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၏ ၂၀၂၀ပြည့်နှစ်ထုတ်ပြန်ချက်စာရင်းများအရ အဏ္ဏ ဝါနို့တိုက်သတ္တဝါများ၏ ၂၅ ရာခိုင်နှုန်း၊ ပင်လယ်ငှက်များ၏ ၂၇ ရာခိုင်နှုန်းနှင့် သန္တာကျောက်တန်းများ၏ ၂၇ ရာခိုင်နှုန်းသည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်ပေါ်လျက်ရှိသည့်အပြင် နောင်လာမည့် ၂၁၀၀ ပြည့်နှစ်တွင် အဏ္ဏဝါမျိုးစိတ်၏ ထက်ဝက်ကျော်ခန့်မျိုးသုဉ်းပျောက်ကွယ်လိမ့်မည်ဟု ခန့်မှန်းထားကြကြောင်း၊ ထို့ကြောင့် နိုင်ငံ၏စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များပြည့်ဝစေရန်၊ သဘာဝအရင်းအမြစ်များရေရှည်တည်တံ့စေ ရန်၊ ပင်လယ်ရေထု ညစ်ညမ်းမှုနှင့်၎င်းနှင့်ဆက်စပ်နေသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်ကာကွယ်နိုင်စွမ်းအားများကို မြှင့်တင်နိုင်ရန်တို့အတွက် ရေရှည်စီမံချက်များ ချမှတ်ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားခဲ့သည်။
#PeopleMedia