ကယားပြည်နယ်ကို ဖျက်ဆီးနေတဲ့ ကိုယ်ကျိုးရှာ အကြမ်းဖက်သူပုန်များ

PUBLISHED - January 16, 2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ကျရောက်မယ့် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ဖို့ ပြင်ဆင်နေတဲ့အချိန် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက KNPP/KNDF/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေက ကယားပြည်နယ်နေ့အခမ်းအနား မကျင်းပနိုင်အောင် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်နှောင့်ယှက် ဖျက်ဆီးခဲ့ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဘက်က ပြန်လည်ပစ်ခတ်ချေမှုန်းခဲ့တဲ့နောက်ပိုင်းမှသာ အကြမ်းဖက်အဖွဲ့တွေဟာ ပစ်ခတ်မှုတွေရပ်တန့်ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြတာဖြစ်ပါတယ်။
KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေဟာ သူတို့ကိုယ်ကျိုးစီးပွားအတွက် ကယားပြည်နယ်အတွင်းမှာ တိုက်ပွဲတွေဖန်တီးပြီး ကယားပြည်နယ်ကို တိုက်ခိုက်ဖျက်ဆီးနေတာ ဒီတစ်ကြိမ်တည်းမဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တုန်းကလည်း လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ (၇၁)ကြိမ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲကို ဒေသခံတိုင်းရင်းသားပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေတဲ့အချိန်မှာ KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နှောင့်ယှက် ဖျက်ဆီးခဲ့တာကြောင့် အပြစ်မဲ့ဒေသခံတွေနဲ့ ကျောင်းသား/ကျောင်းသူတွေ သေဆုံးထိခိုက် ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။ အလားတူ လွိုင်ကော်မြို့အပါအဝင် လွိုင်ကော်တက္ကသိုလ်နဲ့ လွိုင်ကော်အကျဉ်းထောင် တို့ကို လည်း KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ကယားပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်များကို နည်းမျိုးစုံဖြင့် ကျူးလွန်ခဲ့ကြတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့အပြင် ကယားဒေသက ကျောင်းသား/ကျောင်းသူ ကလေးငယ်တွေ ပညာသင်ကြားလို့ မရအောင်၊ ပညာသင်ကြားခွင့် တွေဆုံးရှုံးအောင်လုပ်နေတာလည်း KNDF ပူးပေါင်း အကြမ်းဖက်အဖွဲ့တွေပဲဖြစ်ပါတယ်။
အဲဒီလိုမျိုး ကိုယ့်ပြည်နယ်ကို ပြန်ဖျက်ဆီးပြီး ကိုယ်ကျိုးစီးပွားရှာခဲ့ကြတဲ့ KNDF ပူးပေါင်းအကြမ်းဖက်အဖွဲ့တွေ ကြောင့် လွိုင်ကော်မြို့ပျက်စီးခဲ့ရတာဖြစ်ပြီး အစိုးရနဲ့ တပ်မတော် တို့ရဲ့ ပြန်လည်ထူထောင် တည်ဆောက်မှု တွေကြောင့် ပြန်လည်စည်ကားလာတာ သိပ်မကြာသေးပါဘူး။ ဒီလိုမျိုး ပြန်လည်စည်ကားစပြုလာတဲ့အချိန်မှာ ကယားပြည်နယ်ပျက်စီးအောင်၊ ကယားဒေသခံတွေနဲ့ ကယားလူမျိုးတွေ ဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးနေတဲ့ ပြည်ဖျက်အကြမ်းဖက်သူပုန်တွေရဲ့ ယုတ်မာအောက်တန်း ကျမှုကတော့ ပြောစရာစကားတောင် မရှိတော့ပါဘူး။ ပြောရမယ်ဆိုရင် ကယားပြည်နယ် ပျက်စီးအောင်၊ ကယားဒေသခံတွေဒုက္ခရောက်အောင်၊ ကယားလူမျိုးတွေ ဒုက္ခရောက်အောင် လုပ်နေတဲ့အဓိကတရားခံ တွေဟာ စစ်သွေးကြွနေတဲ့ ကယားအကြမ်းဖက်သူပုန်တွေပဲဖြစ်ပါတယ်။
မင်းမင်း