ကလေးမြို့တွင် ၆ ဘီးယာဉ်ပေါ်မှ ကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလိုဖမ်းဆီးရမိ
PUBLISHED - June 5, 2024
နေပြည်တော်၊ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ၆ ဘီးယာဉ်ပေါ်မှ ငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံတန်ဖိုးရှိဘိန်းဖြူ ၅၅ ကီလိုဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကလေးမြို့၊ ကွန်ပျူတာ တက္ကသိုလ်ရှေ့၊ ကလေး-ကလေးဝသွားကားလမ်းတွင် ဝင်းအောင်ထွန်း မောင်းနှင်ပြီး တင်မောင်လှ လိုက်ပါ လာသည့် MITSUBISHI FUSO ၆ ဘီး Container Box မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ပလတ်စတစ်ဆပ်ပြာခွက် ၅,၅၀၀ ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ် ၂ ဒသမ ၇၅ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၅၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း၊ သိမ်းဆည်းရမိ ဘိန်းဖြူများ တာဝန်ခံသယ်ဆောင်သူ များဖြစ်သည့် သော့နေလွယ်(ခ)ပါးလွယ်နှင့် ဇနီးဖြစ်သူ မအေးအေးမြင့်တိုအပါအဝင် ဝင်းအောင်ထွန်းနှင့် တင်မောင်လှတိုအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင်ဆက်စပ်ပါဝင်သူများ၏ ငွေကြေးအကျိုး အမြတ်များနှင့် ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရ သည်။
#PeopleMedia