ကလေးမြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ ကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - August 12, 2024
နေပြည်တော်၊ သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ခရီးသည်တင်ယာဉ်ပေါ်မှ ငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၇ ရက် နံနက် ၉ နာရီတွင် ကလေးမြို့နယ် ကလေးဝမြို့ အမှတ် (၁) ရပ်ကွက် ကလေးဝ-ကလေးသွားကားလမ်းတွင် မြင့်ဇော်မောင်းနှင်ပြီး မင်းခန့်ကျော် (ခ) ကိုကို လိုက်ပါလာသည့် FUSO ၆ ဘီး ခရီးသည်တင်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ပလတ်စတစ်ဆပ်ပြာခွက် ၁,၉၈၀ ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia