ကလေးဝမြို့နယ် အထက်ပိုင်းရှိ ရွာပေါင်း (၆၅)ရွာမှ ကလေးမြို့နှင့် ကလေးဝမြို့သို့ သွားရောက် ကျောင်းတက် နေသည့် ကျောင်းသားများကို စစ်သွေးကြွများက ပြန်ခေါ်ခိုင်း၊ ပြန်မခေါ်သည့် ကျောင်းသားမိဘများကို ဖမ်းဆီးရိုက်နှက်နေ
PUBLISHED - August 28, 2024
နေပြည်တော်၊ ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ် အထက်ပိုင်းရှိ ရွာပေါင်း (၆၅)ရွာမှ ကလေးမြို့နှင့် ကလေးဝမြို့သို့ သွားရောက်ကာ ကျောင်းတက်နေသည့် ကျောင်းသားများကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ပြန်ခေါ်ခိုင်းနေပြီး ပြန်မခေါ်သည့် ကျောင်းသားမိဘများကို စစ်သွေးကြွ PDF အဖွဲ့ဝင်များမှ ဖမ်းဆီးရိုက်နှက်နေကြောင်း သိရသည်။
“ကလေးဝ အထက်ပိုင်း ဂဇက်ကျေးရွာနားက ရွာတွေပေါ့။ (၁၈)အုပ်စုရှိတယ်။ ရွာပေါင်း (၆၅)ရွာ။ ကျွန်တော်တို့ ရွာတွေမှာက အထက်တန်းကျောင်းက ဆည်ကြီးရှိတယ်။ ဂဇက်ရှိတယ်။ တောင်အောက်ရယ် ရှိတယ်။ အဲဒီရွာတွေမှာ ကျောင်းက ထားလို့မရဘူး။ ကလေးဝရယ် ကလေးမြို့ရယ် ပညာရေးကောလိပ်ဆို မုံရွာမှာ ထားရတယ်။ အဲဒီကျောင်းသားတွေကို ပြန်ခေါ်ခိုင်းနေတယ်။ တချို့ကျ ကြောက်လို့ပြန်ရောက်လာတယ်။ တချို့က ဝေးလို့ ပြန်မခေါ်နိုင်ဘူး။ ပြန်မခေါ်နိုင်တဲ့ မိဘတွေကျ ဖမ်းဆီးပြီး ရိုက်နှက်နှိပ်စက်တယ်။ ပြီးခဲ့တဲ့ရက်က PDF ရိုက်တာ လက်လွန်ပြီး ကျောင်းသားမိဘတစ်ဦး သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းနောက် စစ်သွေးကြွများသည် CDM မလုပ်သည့် ဆရာ/ဆရာမများကိုပါ ဖမ်းဆီးထားပြီး ၎င်းတို့ ဖွင့်လှစ်ထားသည့် ကျောင်းတွင် အတင်းအကြပ် သင်ခိုင်းထားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူတို့ PDF ခေါင်းဆောင်တွေရဲ့ ညီမတွေ နှမတွေကျ ရန်ကုန်က ကိုယ်ပိုင်ကျောင်းတွေမှာ ပိုက်ဆံပေးပြီး ထားတယ်။ ပြီးတော့ CDM မလုပ်တဲ့ ဆရာ/ဆရာတွေ (၄၀)ကျော်ကိုလည်း ဖမ်းထားတယ်။ ကျောင်းသား မိဘတွေနဲ့ ဒေသခံပြည်သူတွေ (၉၂)ယောက်လောက် ချုပ်ထားတယ်။ ဆည်ကြီးအုပ်စု ကင်းရွာမြောက်ဘက် (၈)ဖာလုံအကွာမှာ အချုပ် တစ်ခုရှိတယ်။ ဟောင်နွဲရွာမှာ တစ်ခု၊ မိုးကောင်းရွာ တောင်ဘက် ကပ်ရပ်နားမှာတစ်ခု၊ ခုံကြီးရွာ တောင်ကုန်းလေးပေါ်မှာ တစ်ခုရှိတယ်။ အဲဒီအချုပ် လေးချုပ်မှာ ဖမ်းထားတယ်။ အခု ဆရာ/ဆရာမတွေကို သူတို့ ရှိသမျှကျောင်းတွေမှာ စာပြန်သင်ခိုင်းထားတယ်။ ဖမ်းထားပြီး သင်ခိုင်းတာပေါ့။ မြို့မမှာ ပညာရေးမှူးရုံးလိုလိုတောင်ရှိတယ် ဦးသာအေး အိမ်မှာ” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
စစ်သွေးကြွ PDF များ အနေဖြင့် ကလေးဝမြို့နယ် ချင်းတွင်းဆိပ်ကမ်းရှိ ဂဇက်ကျေးရွာကို အခြေပြုကာ ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် သင်္ဘောကြီးများထံမှ ဆက်ကြေးများ ကောက်ခံနေကြောင်း သိရသည်။
“ဂဇက်ကျေးရွာက ချင်းတွင်းမြစ်ကမ်းဆိပ်ပေါ့နော်။ အဲဒီမှာ ကျောက်မီးသွေးတင်တဲ့ သင်္ဘောကြီးတွေ ဟိုတလောက (၂၅)စီး ဆန်သွားတယ်။ သူတို့က ဆက်ကြေးကောက်တယ်။ တစ်စီးကို ကျပ်သိန်း (၁၀၀)ကနေ (၁၅၀)ထိ ကောက်တယ်။ ပြီးတော့ ဟုမ္မလင်းကို ဆန်တဲ့မော်တော်တွေဆို ဆီတို့ ပစ္စည်းတို့ ပါရင် သိန်း (၁၅၀)တောင်းတယ်။ ဘာမှမပါဘူး စားကုန်သောက်ကုန်ပဲပါရင် (၁)သိန်းခွဲကောက်တယ်။ အစုန်အဆန်အတွက် ဆက်ကြေးကောက်နေတာ။ အခု PDF ခေါင်းဆောင်တွေဆိုရင် ရန်ကုန် မန္တလေးမှာ တိုက်တွေတောင် ဝယ်နေကြတယ်” ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ယင်းနောက်တွင် ကလေးဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာများတွင် သောင်းကျန်းနေသည့် စစ်သွေးကြွ PDF အဖွဲ့ဝင်များကို မြန်မာ့တပ်မတော်အနေဖြင့် အမြန်ဆုံးရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
“ရှဲဂန်းရယ် ဆည်ကြီးရယ် မောင်းခါး မြို့မရယ် အဲရွာတွေကို စစ်ကြောင်းထိုးပေးရင် အဆင်ပြေတယ်။ အခုက စစ်ကြောင်းမထိုးဘူးဖြစ်နေတာ။ အပေါ်ကနေကြဲလည်း အဆင်ပြေတယ်။ အဲဒီကိစ္စလေးတွေ လုပ်ပေးရင် အဆင်ပြေတယ်” ဟု ဒေသခံများကပြောသည်။
#PeopleMedia