ကာကက်မြို့မြောက်ပိုင်းမှာ တူရကီဒရုန်းတစ်စင်းကို အီရတ်စစ်တပ်ပစ်ချ
PUBLISHED - August 30, 2024
နိုင်ငံတကာ၊ သြဂုတ် ၃၀
တူရကီအစိုးရက အီရတ်နိုင်ငံထဲက ကာဒစ်တိုက်ခိုက်ရေးသမားတွေကို ဆက်လက်တိုက်ခိုက်နေတဲ့အချိန်မှာ ကြာသပတေးနေ့ (သြဂုတ်လ ၂၉ ရက်နေ့) က ကာကက်မြို့မြောက်ဘက်မှာ တူရကီဒရုန်းတစ်စင်းကို ပစ်ချခဲ့ ကြောင်း အီရတ်တပ်မတော်က ပြောကြားလိုက်ပါတယ်။
တူရကီဒရုန်းအပျက်အစီးတွေ ကာကက်မြို့လယ်ကောင်ကို ကျရောက်လာခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ် က တာဝန်ရှိသူတွေက AFP သတင်းဌာနကို ပြောပါတယ်။
ဒရုန်းတိုက်ခိုက်မှုနဲ့ ပျက်ကျမှုကြောင့် ထိခိုက်သေဆုံးသူရှိကြောင်း သတင်းတွေထက်မလာပေမဲ့ အနီးနားက အ ဆောက်အဦတစ်ခုမှာ အလုပ်လုပ်နေတဲ့ လက်သမားတစ်ယောက်ကတော့ ဒရုန်းပျက်ကျစဉ် ထိခိုက်ဒဏ်ရာရခဲ့ လို့ ဆေးရုံတင်လိုက်ရကြောင်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။
“အီရတ်လေကြောင်းပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ တူရကီဒရုန်းတစ်စင်းကို ပစ်ချခဲ့ပါတယ်။” လို့ ကာကက် မြို့က လေကြောင်းရန်ကာကွယ်ရေးတပ်ရဲ့ ဒုတိယအကြီးအကဲ ဗိုလ်ချုပ်ကြီး အဗ္ဗဒယ်လ်ဆလမ်ရာမဒန်က အခင်းဖြစ်နေရာမှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီမောင်းသူမဲ့လေယာဉ်ဟာ ကာဒစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဆူလိုင်မယီယက် ကနေ မြောက်ဘက်ကို ပျံသန်းလာတာဖြစ်ကြော်း ရာမဒန်က ပြောပါတယ်။
ကာကက်မြို့နဲ့ အနီးဝန်းကျင်တစ်ဝိုက်က ရေနံမြေတွေဟာ ကာဒစ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲမှာ မပါဝင်ဘဲ ဘဂ္ဂဒက်ဖက်ဒရယ်အစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့နယ်မြေဖြစ်ပါတယ်။
တူရကီနိုင်ငံဟာ ကာဒစ်အလုပ်သမားပါတီ (PKK) ခေါ် ကာဒစ်တိုက်ခိုက်ရေးအဖွဲ့တွေကို စစ်ဆင်ရေးဆင်နွှဲဖို့အ တွက် ပြီးခဲ့တဲ့ရာစုနှစ်လေး ပုံတစ်ပုံကြာတဲ့အထိ အီရတ်နိုင်ငံမြောက်ပိုင်းမှာ စစ်စခန်းတွေ အများအပြားဖွင့်လှစ် ထားခဲ့ပါတယ်။
တူရကီတပ်ဖွဲ့တွေဟာ ကာဒစ်တိုက်ခိုက်ရေးသမားတွေကို ပုံမှန် ပစ်မှတ်ထားတိုက်ခိုက်နေပေမဲ့ ရံဖန်ရံခါ ကြို ကြားကြိုကြားသာ တိုက်ခိုက်နေတာဖြစ်တယ်လို့ တူရကီက ပြောပါတယ်။
ကာဒစ် PKK အဖွဲ့ဟာ ဥပဒေနဲ့မညီတဲ့အဖွဲ့ဖြစ်ကြောင်း အီရတ်ဖက်ဒရယ်အစိုးရက အခုနှစ် မတ်လအတွင်းက ကြေညာခဲ့ပြီး အဆိုပါ ကာဒစ်အဖွဲ့ဝင်တွေကို တိုက်ခိုက်ချေမှုန်းဖို့အတွက် တူရကီအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် သွားဖို့ အခုလ အစောပိုင်းက သဘောတူညီခဲ့ပါတယ်။
ကာဒစ်အဖွဲ့ကို တိုက်ခိုက်ဖို့အတွက် တူရကီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်သွား မှာဖြစ်သလို ကွပ်ကွဲရေးစခန်းတွေလည်း ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
၁၉၈၄ ခုနှစ်ကတည်းက တူရကီအစိုးရကို လက်နက်ကိုင်တော်လှန်ပုန်ကန်နေတဲ့ လက်ဝါဒီ PKK ကာဒစ်အုပ်စု ကို တူရကီအစိုးရနဲ့ အနောက်မဟာမိတ်နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။
Ref: Iraq Army Says Downed Turkish Drone over Northern City
#PeopleMedia