ကာကွယ်ရေးဝန်ကြီးပါလာတဲ့ ဗြိတိန်လေယာဉ် ရုရှားနယ်စပ်အနီး အီလက်ထရောနစ်တိုက်ခိုက်ခံရ
PUBLISHED - March 15, 2024
နိုင်ငံတကာ၊ မတ် ၁၅
ဗြိတိန်ကာကွယ်ရေးဝန်ကြီးလိုက်ပါလာတဲ့ ဗြိတိန်လေတပ်က လေယာဉ်တစ်စင်းဟာ အခုသီတင်းပတ်အတွင်း ရုရှားနယ်စပ်အနီးက ဖြတ်သန်းနေစဉ် ရေဒီယိုအသံလွှင့်ချက်ကို တန်ပြန်အသံလွှင့်ချက်နဲ့ တိုက်ဖျက်ခံခဲ့ရ ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ကြာသပတေးနေ့ (မတ်လ ၁၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်ဟာ ပိုလန်နိုင်ငံမှာ နေတိုးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေးလေ့ကျင့်မှုကို လေ့လာ ကြည့်ရှုပြီး တော်ဝင်လေတပ်က ဂျက်လေယာဉ်တစ်စင်းနဲ့ အပြန်ခရီးမှာ အခုလို အီလက်ထရောနစ်တိုက်ခိုက်ခံ ခဲ့ရတာဖြစ်ကြောင်း Times သတင်းစာမှာ ဖော်ပြထားပါတယ်။
ဗြိတိန်လေယာဉ်ဟာ မော်စကိုမြို့နဲ့ ကီလိုမိတာ ၁၂၀၀ (မိုင် ၇၅၀) ဝန်းကျင်ကွာဝေးတဲ့ ဘော်လတစ်ပင်လယ် နားမှာရှိတဲ့ ကာလီနင်ဂရက်နဲ့ နီးကပ်တဲ့နေရာက ပျံသန်းနေစဉ်မှာ GPS jamming နဲ့ ကြုံတွေ့ခဲ့ရတာဖြစ်တယ် လု့ိ ဗြိတိန်အစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။
“အဲဒီအသံလွှင့်တိုက်ဖျက်မှုဟာ ဗြိတိန်လေယာဉ်ကို အန္တရာယ်မပေးခဲ့ပါဘူး။ ရုရှားပိုင် ကာလီနင်ဂရက်နားမှာ အခုလို GPS jamming ကြုံတွေ့ရတယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
လေယာဉ်မှာပါတဲ့ GPS အချက်ပြဆက်သွယ်ရေးကို မိနစ် ၃၀ ဝန်းကျင်လောက် jamming နဲ့ ကြားဖြတ်နှောင့် ယှက်ခဲ့ကြောင်း လေယာဉ်ပေါ်မှာ သတင်းထောက်တွေပါလာတဲ့ Times သတင်းစာက ပြောပါတယ်။
လေယာဉ်ပေါ်မှာပါလာတဲ့ မိုဘိုင်းဖုန်းတွေဟာလည်း အင်တာနက်လိုင်းဆက်သွယ်မှုမရတော့ဘဲ လေယာဉ်က လည်း ၎င်းရောက်ရှိနေတဲ့နေရာကို တွက်ချက်ဖို့အတွက် တခြားနည်းလမ်းတွေကို ပြောင်းလဲသုံးစွဲခဲ့ရတယ်လို့ Times သတင်းစာက ပြောပါတယ်။
စစ်အေးတိုက်ပွဲကာလပြီးကတည်းက အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ရဲ့ အကြီးမားဆုံးဖြစ်တဲ့ Steadfast Defender စစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်ဆင်နွှဲနေတဲ့ တပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးဝန်ကြီး ဂရန့် ရှပ်က စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံဟာ ၂၀၂၂ ခုနှစ် ဖေေဖော်ဝါရီလက စတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲမှာ ယူကရိန်းကို အများဆုံး ထောက်ပံ့နေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
ဗြိတိန်အစိုးရဟာ ယူကရိန်းအတွက် ပေါင် ၇ ဘီလျံ (ဒေါ်လာ ၈.၉ ဘီလျံ) ကျော် တန်ကြေးရှိ စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ခဲ့သလို ယူကရိန်းတပ်ဖွဲ့ဝင်အများအပြားကိုလည်း စစ်ရေးလေ့ကျင့်သင်ကြားပေးခဲ့ပါ တယ်။
Ref: UK Says Jet Carrying Defense Minister Hit by Electronic Attack near Russia
#PeopleMedia