ကာတာရဲ့ညှိနှိုင်းမှုနဲ့ ဒေါ်လာ ၆ ဘီလျံတန် အမေရိကန်အကျဉ်းသား ၅ ဦး အီရန်ပြန်လွှတ်
PUBLISHED - September 19, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၉
ကာတာနိုင်ငံရဲ့ကြားဝင်ညှိနှိုင်းပေးမှုအရ အမေရိကန်မှာအကျဉ်းကျနေတဲ့ အီရန်နိုင်ငံသား ၅ ဦးကို အမေရိကန် အစိုးရက လွတ်ငြိမ်းခွင့်ပေးလိုက်သလို အီရန်နိုင်ငံမှာအကျဉ်းကျနေတဲ့ အမေရိကန်နိုင်ငံသား ၅ ဦးကိုလည်း အီရန်အစိုးရက ပြန်လည်စေလွှတ်ပေးလိုက်ကြောင်း BBC သတင်းဌာနမှာရေးသားဖော်ပြထားပါတယ်။
ကာတာနိုင်ငံက ကြားဝင်စေ့စပ်ခဲ့တဲ့အတွက် တောင်ကိုရီးယားနိုင်ငံမှာ ထိန်းချုပ်ထားတဲ့ အီရန်ပိုင် ဒေါ်လာ ၆ ဘီလျံ (ပေါင် ၄.၈ ဘီလျံ) ကို ကာတာနိုင်ငံ ဒိုဟာမှာရှိတဲ့ ဘဏ်တွေကို ပြန်လည်လွှဲ ပြောင်းပေးဖို့ သဘောတူ ညီခဲ့ကြပြီးနောက် အခုလို အကျဉ်းသားလဲလှယ်ရေးအစီအစဉ်ထွက်ပေါ်လာတာဖြစ်ပါတယ်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အီရန်နိုင်ငံက အီဗင်အကျဉ်းထောင်ထဲမှာ ၈ နှစ်နီးပါးနေခဲ့ရတဲ့ အမေရိကန်အမျိုး သား ၄ ဦးနဲ့ အမျိုးသမီး ၁ ဦးဟာ ကာတာနိုင်ငံကို စင်းလုံးငှားလေယာဉ်နဲ့ရောက်ရှိလာပြီး အမေရိကန်အရာရှိ တွေနဲ့တွေ့ဆုံပြီးနောက် အမေရိကန်နိုင်ငံကို ဆက်လက်ထွက်ခွာသွားပြီဖြစ်ပါတယ်။
အမေရိကန်အကျဉ်းသားတွေထဲမှာ အသက် ၅၁ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် ဆီယာမက်နမေဇီ၊ အသက် ၅၉ နှစ်အရွယ် အီးမက်ရှာဂီနဲ့ ဗြိတိန်နိုင်ငံသား အသက် ၆၇ နှစ်အရွယ် မိုရတ်တာဘက်တို့လည်းပါဝင်တိယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံသားတွေဟာ အခြေအမြစ်မရှိတဲ့ နိုင်ငံရေးအကြောင်းပြချက်တွေနဲ့ အီရန်နိုင်ငံမှာ အဖမ်းခံခဲ့ရ တာဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
အမေရိကန်စီးပွားရေးပိတ်ဆို့မှုကို ချိုးဖောက်ခဲ့တဲ့အမှုနဲ့ အမေရိကန်နိုင်ငံမှာထောင်ကျနေတဲ့ အီရန်နိုင်ငံသား ၅ ဦးကိုလည်း ဒီအကျဉ်းသားလဲလှယ်ရေးအစီအစဉ်အရ လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမှာဖြစ်ပေမဲ့ အဲဒီအကျဉ်း သားအကုန်လုံး အီရန်နိုင်ငံကို ပြန်သွားလိမ့်မယ်လို့ မထင်ကြောင်း ခန့်မှန်းထားကြပါတယ်။
“ဒီကနေ့အချိန်မှာ အီရန်နိုင်ငံမှာ အပြစ်မရှိဘဲအကျဉ်းကျနေတဲ့ အမေရိကန်ငါးဦးဟာ နောက်ဆုံးတော့ အမိနိုင်ငံ ကို ပြန်ရတော့မှာဖြစ်ပါတယ်။” လို့ အဲဒီငါးဦးပါတဲ့လေယာဉ် ဒိုဟာကို ရောက်လာချိန်မှာ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက ကာတာနိုင်ငံရဲ့ကြားဝင်စေ့စပ်မှုနဲ့ ကြားခံဆွေးနွေးမှုတွေ လပေါင်းများစွာ ဆောင်ရွက်ပြီးနောက်မှာ အခုလို သဘောတူညီမှုထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒိုဟာမြို့မှာ ဆွေးနွေးမှုပေါင်း ၉ ကြိမ်ထက်မနည်းဆောင်ရွက်ခဲ့ရပြီး ကာတာထိပ်တန်းအရာရှိတွေဟာ အီရန်နဲ့ အမေရိကန်ကို အကြိမ်ပေါင်းများစွာ ခေါက်တုံ့ခေါက်ပြန်သွားလာခဲ့ရတယ်လို့ ဆိုပါတယ်။
Ref: Iran prisoner swap: US citizens freed in $6bn deal
#PeopleMedia