ကာ့စ်ခ်ဒေသထိုးစစ်မှာ ရုရှားစစ်သား ၁၅၀ ဝန်းကျင် နေ့စဉ်ဖမ်းဆီးမိကြောင်း ယူကရိန်းပြော
PUBLISHED - August 21, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၁
ယူကရိန်းတပ်တွေ ရုရှားပိုင် ကာ့စ်ခ်ဒေသကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း တစ်ရက်ကို ရုရှား တပ်ဖွဲ့ဝင် ၁၅၀ အထိ ဖမ်းမိနေတယ်လို့ ယူကရိန်းစစ်အုပ်ချုပ်ရေးအကြီးအကဲတစ်ဦးက ပြောကြားလိုက်ပါ တယ်။
ယူကရိန်းတပ်ဖွဲ့တွေ ရုရှားပိုင်နက်ထဲဝင်ရောက်တိုက်ခိုက်တာ ၁၂ ရက်ပြည့်တဲ့နေ့မှာ ယူကရိန်းနိုင်ငံ အရှေ့ မြောက်ပိုင်းက စစ်အုပ်ချုပ်ရေးမှူးအိုလက်ဆီဒရော့ဇ်ဒန်ကိုက ပြောကြားလိုက်တာဖြစ်ပါတယ်။
ဖမ်းဆီးရမိတဲ့ ရုရှားတပ်ဖွဲ့ဝင်တွေဟာ လူငယ်တွေဖြစ်ပြီး ရုရှားနိုင်ငံ အနောက်တောင်ပိုင်းနယ်စပ်ဒေသမှာ လုံခြုံ ရေးတာဝန်ချထားသူတွေဖြစ်တယ်လို့ ဒရော့ဇ်ဒန်ကိုက ပြောပါတယ်။
စစ်သုံ့ပန်းတချို့က ထိုးဖောက်ဝင်ရောက်လာတဲ့ ယူကရိန်းတပ်တွေနဲ့ မတိုက်ချင်ကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါ တယ်။
တိုက်ပွဲအတွင်း ယူကရိန်းဘက်က အကျအဆုံးနည်းပါးပြီး ရုရှားစစ်သုံ့ပန်းဖမ်းဆီးခံရမှု များပြားနေတာဟာ အခု အချိန်အထိ နယ်စပ်ဖြတ်ကျော်ထိုးစစ်ဆင်တိုက်ခိုက်မှု အောင်မြင်နေတာကို သက်သေပြနေတာပဲဖြစ်ကြောင်း ဒရော့ဇ်ဒန်ကိုက The Guardian ကို ပြောပါတယ်။
“စစ်ဆင်ရေးစတင်တဲ့ ပထမနေ့မှာ ထိခိုက်ကျဆုံးမှု ၁၅ ယောက်ပဲရှိတယ်။ ဗုံးစတွေ၊ လက်နက်ကြီးစတွေမှန်တဲ့ သူတွေရဲ့ ၆၀%၊ ၇၀% လောက်က ဒဏ်ရာမပြင်းထန်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
ဖမ်းဆီးမိထားတဲ့ ရုရှားစစ်သုံ့ပန်းတွေကို ရုရှားအစိုးရနဲ့ စစ်သုံ့ပန်းလဲလှယ်ရေးအစီအစဉ် ပိုမိုညှိနှိုင်းဆွေးနွေး နိုင်အောင် ယူကရိန်းအတွက် “လဲလှယ်ရေးရန်ပုံငွေ” အဖြစ် အသုံးပြုသွားမှာဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက ပြောပါတယ်။
ကာ့စ်ခ်ဒေသထိုးစစ်အောင်မြင်မှုတွေဟာ “လဲလှယ်ရေးရန်ပုံငွေ” ပြန်လည်ဖြည့်တင်းရေးအတွက် အထောက်အ ကူ ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“ရုရှားစစ်သုံ့ပန်းတွေကို ခေါ်ဆောင်လာပြီး ရုရှားတွေ ထိန်းသိမ်းထားတဲ့ ကျွန်တော်တို့စစ်သည်တွေနဲ့ အရပ် သားပြည်သူတွေကို ပြန်လည်ခေါ်ဆောင်လာတဲ့ စစ်သည်တွေနဲ့ အရာရှိတွေ အားလုံးကို ကျွန်တော်ကျေးဇူး တင်ပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။
၂၀၂၂ ခုနှစ် ရုရှားကျူးကျော်မှုစတင်ခဲ့တဲ့အချိန်ကစပြီး ၅၄ ကြိမ်မြောက် နှစ်နိုင်ငံစစ်သုံ့ပန်းလဲလှယ်ရေးအစီအ စဉ်အရ ပြီးခဲ့တဲ့လက နှစ်ဖက်စစ်သုံးပန်း ၉၅ ယောက်စီကို ယူကရိန်းနဲ့ ရုရှားနိုင်ငံက လဲလှယ်ခဲ့ပါတယ်။
Ref: Ukraine Capturing 150 Russian Soldiers Daily in Kursk Incursion: Official
#PeopleMedia