ကာ့စ်ခ်နျူကလီးယားဓာတ်အားပေးစက်ရုံအနီး ရုရှားတပ်တွေ ကတုတ်ကျင်းတွေတူးဖော်နေ
PUBLISHED - August 12, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၂
ယူကရိန်းတပ်ဖွဲ့တွေ ကာ့စ်ခ်နယ်မြေအတွင်းပိုင်းထဲကို ပိုမိုထိုးဖောက်ဝင်ရောက်လာတဲ့အတွက် ရုရှားတပ်တွေ ဟာ ကာ့စ်ခ်နျူကလီးယားဓာတ်အားပေးစက်ရုံ (KNPP) အနီးမှာ ကတုတ်ကျင်းတွေနဲ့ ဆက်သွယ်ရေးမြောင်း တွေ စတင်တူးဖော်နေပါတယ်။
ယူကရိန်းစစ်တပ်ဟာ ပထမဦးဆုံးအကြိမ်အဖြစ် သြဂုတ်လ ၆ ရက်နေ့က ရုရှားနယ်စပ်ကတစ်ဆင့် ရုရှားပိုင် နက်ထဲကို အငိုက်ဖမ်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကြားထဲက ကာ့စ်ခ်နယ်မြေအတွင်း ပိုင်းထဲကို ပိုမိုဝင်ရောက်လာခဲ့ပါတယ်။
ယူကရိန်းတပ်တွေ ကာ့စ်ခ်နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့ ကီလိုမီတာ ၅၀ အကွာအဝေးအတွင်း ရောက် ရှိလာချိန်မှာ အဲဒီဓာတ်အားပေးစက်ရုံအနီးမှာ ရုရှားတပ်တွေက ကတုတ်ကျင်းတွေ/ဆက်သွယ်ရေးမြောင်းတွေ တူးဖော်နေတဲ့ပုံတွေကို မြင်ခဲ့ရကြောင်း BBC က ပြောပါတယ်။
ကာ့စ်ခ်နျူကလီးယားဓာတ်အားပေးစက်ရုံဟာ ကာ့စ်ခ်နယ်မြေရဲ့ နယ်စပ်မြို့ဖြစ်တဲ့ ဆူဒါမြို့နဲ့ ကီလိုမီတာ ၈၀ နီးပါးဝေးကွာတဲ့နေရာမှာ တည်ရှိပြီး ဆူဒါမြို့ဟာ ယူကရိန်းတပ်တွေ ပထမဦးဆုံးပစ်မှတ်ထားတိုက်ခိုက်တဲ့မြို့ ဖြစ်ပါတယ်။
ယူကရိန်းတပ်တွေ ဆက်လက်ချီတက်လာစဉ်အတွင်း ကာ့စ်ခ်နျူကလီးယားဓာတ်အားပေးစက်ရုံကို ကာကွယ်ဖို့ ရုရှားတပ်တွေ ပြင်ဆင်နေကြောင်း ရုရှားသတင်းဌာန IStories က ပြောပါတယ်။
နျူကလီးယား မတော်တဆမှုဖြစ်ပွားတာကို ရှောင်ရှားနိုင်ဖို့အတွက် ယူကရိန်းအစိုးရနဲ့ ရုရှားအစိုးရ နှစ်ဖက်စ လုံး အစွမ်းကုန် စိတ်ရှည်သည်းခံကြဖို့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) အဖွဲ့ ညန်ကြားရေးမှူးချုပ် ရာဖာယီမာရီယာနိုဂရာဆီက တောင်းဆိုလိုက်ပါတယ်။
ကာ့စ်ခ်နျူကလီးယားဓာတ်အားပေးစက်ရုံမှာ နျူကလီးယားဓာတ်ပေါင်းဖို ၆ ခု ရှိတဲ့အနက် ဓာတ်ပေါင်းပို ၂ ခုကို ဖွင့်လှစ်ထားပေမဲ့ ဓာတ်ပေါင်းဖို ၂ ခုကို ပိတ်ထားပြီး ကျန်တဲ့ဓာတ်ပေါင်းဖို ၂ ခုကတော့ တည်ဆောက်နေဆဲဖြစ် တယ်လို့ ဂရာဆီက ပြောပါတယ်။
ယူကရိန်းရဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ တန်ပြန်ထိုးစစ်ကို “တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေး” ဆိုတဲ့ခေါင်းစဉ်နဲ့ ရုရှားအာဏာပိုင်တွေက ပြန်လည်တိုက်ခိုက်နေပါတယ်။
ယူကရိန်းတပ်တွေရဲ့ ထိုးဖောက်ဝင်ရောက်လာမှုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အရေးမကြီးသယောင် ကြိုးစားပြောဆိုနေပေမဲ့လည်း ယူကရိန်းတပ်တွေဟာ နယ်စပ်ဒေသနဲ့ ၂၅ ကီလိုမီတာဝန်းကျင်ကွာဝေးတဲ့ တော် ပီနိုကျေးရွာနဲ့ အော့်ရှချီကိုလိုဒက်ဇ်ကျေးရွာတွေအထိ ရောက်ရှိလာခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်နေ့က ဝန်ခံခဲ့ ပါတယ်။
ယူကရိန်းတပ်တွေဟာ ကျူးကျော်သူတွေရဲ့နယ်မြေအတွင်းပိုင်းထဲအထိ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီ ဖြစ်ပြီး အဲဒီပထမဦးဆုံး နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုကို ယူကရိန်းပြည်သူတွေက အသိအမှတ်ပြုခဲ့ကြောင်း သြဂုတ်လ ၁၀ ရက်နေ့က ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။
Ref: Russian forces dig trenches near Kursk nuclear plant as Ukrainian troops advance, BBC reports
#PeopleMedia