ကားကိုရှောင်ရင်းအရှိန်လွန်၍ အဘွားအိုတစ်ဦး ရေနုတ်မြောင်းထဲသို့ ပြုတ်ကျ၍ သေဆုံး
PUBLISHED - December 3, 2024
နေပြည်တော်၊ ဒီဇင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ပဲခူးမြစ်လမ်းထောင့်နှင့် ဧရာဝဏ်လမ်းထောင့်ရှိ ရေနုတ်မြောင်းထဲတွင် အဘွားအိုတစ်ဦး ကားကိုရှောင်ရင်း အရှိန်လွန်၍ ထိုရေနုတ်မြောင်းထဲသို့ ပြုတ်ကျ၍ သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ညနေ ၇ နာရီဝန်းကျင်တွင် ဒဂုံဆိပ်ကမ်းမြို့၊ (၆၅) ရပ်ကွက်တွင် နေထိုင်သည့် သေဆုံးသူအဘွားဖြစ်သူ၏ သားမှ ၎င်း၏နေအိမ်တွင် မိခင်ဖြစ်သူမတွေ့ရှိသောကြောင့် လိုက်လံရှာဖွေရင်း ပဲခူးမြစ်လမ်းထောင့်နှင့် ဧရာဝဏ်လမ်းထောင့်ရှိ ရေနုတ်မြောင်းထဲတွင် သေဆုံးနေသည့် မိခင်၏ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုရုပ်အလောင်းကို သွားရောက်သယ်ဆောင်သည့် အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအသင်းမှ တာဝန်ရှိ သူအား ဆက်သွယ်မေးမြန်းရာ “သားကအလုပ်သွားတော့ အိမ်ကိုပိတ်ခဲ့တာ။ အဲ့မှာအမေက သူ့သားကို လိုက်ရှာရင်းနဲ့ လမ်းမှာကားကိုရှောင်ရင်းနဲ့ (၁၅) ပေခန့်ရှိခဲ့ ရေမြောင်းထဲကို လျော်ကျသွားတာ။ သူ့သားက အိမ် လည်းပြန်ရောက်တော့ အမေဖြစ်သူအိမ်မှာမရှိတော့လိုက်ရှာတာ အဲ့မှာအလောင်းကို ရေမြောင်းထဲမှာသေ နေတာ” လို့ ဖြေကြားသည်။
အဆိုပါရေနုတ်မြောင်းထဲသို့ပြုတ်ကျသည့် အသက် (၇၄) နှစ်အရွယ် အဘွားဒေါ်တင်ရီ၏ ရုပ်အလောင်းကို အကြင်နာ ကုသိုလ်ပြုလူမှုကူညီရေးအသင်းမှ စံပြဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
#PeopleMedia