ကိယက်ဗ်ခရိုင်အပါအဝင် ဒေသလေးခုကို ရုရှားဘက်က ဒရုန်းတွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်
PUBLISHED - November 4, 2024
နိုင်ငံတကာ၊ နိုဝင်ဘာ ၄
ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်နဲ့ ကိယက်ဗ်ခရိုင်တွင်းရှိ တခြားနေရာ အများအပြားကို ရုရှား ဒရုန်းတွေက ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း စနေနေ့ (နိုဝင်ဘာလ ၂ ရက်နေ့) မှာ ယူကရိန်း အစိုးရက ပြောပါတယ်။
“ရုရှားတွေရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကိယက်ဗ်ခရိုင်အတွင်းမှာ ထိခိုက်ပျက်စီးမှုတွေရော အသေအပျောက် တွေ ရောရှိခဲ့ပါတယ်။” လို့ သမ္မတဗလာဒီမာဇီလန်စကီးက ပြောပါတယ်။
အခုလို ယူကရိန်းမြို့ကြီးတွေကို အဆက်မပြတ်တိုက်ခိုက်နေတာကိုကြည့်ရင် ရုရှားနိုင်ငံနဲ့ ရုရှားရဲ့မဟာမိတ် တွေကို ဖိအားပေးနေတာ မလုံလောက်ဘူးဆိုတာ သက်သေပြလိုက်တာပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
စနေနေ့ မွန်းလွဲပိုင်းက လေကြောင်းရန်ကာကွယ်ရေးအချက်ပေးဥသြသံတွေထွက်ပေါ်လာပြီးနောက် ကိယက်ဗ် မြို့မှာ ပေါက်ကွဲသံတွေကြားခဲ့ရကြောင်း AFP သတင်းထောက်တွေက ပြောပါတယ်။
ရုရှားဒရုန်း ၇၁ စင်းအနက် ၃၉ စင်းကို ပစ်ချနို်င်ခဲ့ကြောင်း နောက်နေ့မနက်မှာ ယူကရိန်းလေတပ်က ပြောပါ တယ်။
ရုရှားဒရုန်းတွေဟာ မြို့တော်ကိယက်ဗ်နဲ့ ကိယက်ဗ်ခရိုင်တွင်းက နေရာအများအပြား၊ ဆူမန်နယ်စပ်ဒေသနဲ့ အလယ်ပိုင်း ကီရိုဗိုဂရက်ဒ်နဲ့ ပေါ်တာဗာဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ဒရုန်း ၂၁ စင်းက ပျောက်ဆုံးနေသလို ၅ စင်းကတော့ ရုရှားဘက်ကို ပြန်သွားပြီး ဒရုန်းတိုက်ခိုက်မှုတွေက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ယူကရိန်းလေတပ်က ပြောပါတယ်။
ကိယက်ဗ်၊ ဆူမန်နဲ့ ပင်လယ်နက်အိုဒက်ဆာဒေသအပါအဝင် ဒေသလေးခုမှာ မြေပြင်ကို ထိုးကျလာတဲ့ ဒရုန်း အပျက်အစီး တွေကြောင့် လူနေအိမ်တွေနဲ့ တိုက်ခန်းတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း လေတပ်က ပြောပါတယ်။
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချလိုက်တဲ့အတွက် ထိုးကျလာတဲ့ ဒရုန်းအပျက်အစီးတွေကြောင့် ကိ ယက်ဗ်ခရိုင် ခြောက်နေရာမှာ တိုက်ခန်းတွေ၊ ကားတွေ ထိခိုက်ပျက်စီးခဲ့သလို အဆောက်အဦလေးငါးခု မီး လောင်ခဲ့တဲ့အတွက် မီးငြှိမ်းသတ်ခဲ့ကြောင်း ကိယက်ဗ်စစ်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိယက်ဗ်စစ်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ကိယက်ဗ်မြို့အပြင်ဘက်မှာတော့ အသက် ၈၂ နှစ်အရွယ် အဖွားအိုတစ်ဦး ဦးခေါင်းကို ဗုံးစထိမှန် ဒဏ်ရာရခဲ့ တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။
တောင်ပိုင်း ခါဆွန်မြို့ပြင်ဘက်က ရွာတစ်ရွာမှာတော့ ရုရှားအမြောက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို ကလေးသူငယ် ၃ ဦး အပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့အုပ် ချုပ်ရေးမှူး အလက်ဇန္ဒားပရိုကူဒင်က ပြောပါတယ်။
ခါဆွန်မြို့က ဆေးရုံတစ်ရုံကို အမြောက်ဆန်တွေ ထိမှန်ခဲ့ရာမှာ ဆေးရုံအဆောင်နှစ်ခုနဲ့ ဓာတ်ခွဲခန်းတစ်ခန်းထိ ခိုက်ပျက်စီးခဲ့ပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကတော့ ဗုံးခိုကျင်းထဲဝင်နေကြတဲ့အတွက် ထိခိုက်မှုမ ရှိခဲ့ဘူးလို့ ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ကျူးကျော်စစ်ပွဲစတင်ကတည်းက ရုရှားထိုးစစ်တွေထဲမှာ အပြင်းထန်ဆုံးထိုးစစ်တစ်ခုကို ယူကရိန်းတပ်တွေက ပြန်လည်ခုခံတိုက်ခိုက်နေကြောင်း ယူကရိန်းစစ်ဦးစီးချုပ်အလက်ဇန္ဒားဆူစကီက စနေနေ့က ပြောပါတယ်။
Ref: Kyiv Comes Under Heavy Russian Drone Attack
#PeopleMedia