ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးအတုများ တင်သွင်းရောင်းချပါက တည်ဆဲဥပဒေနှင့် အပြင်းအထန်အရေး ယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
PUBLISHED - August 23, 2021
နေပြည်တော်၊ သြဂုတ် ၂၃ (People Media)
မြန်မာနိုင်ငံအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအတုများ တင်သွင်းဖြန့်ဖြူးရောင်းချကြောင်း စုံစမ်း ဖော်ထုတ်ရရှိပါက တည်ဆဲဥပဒေနှင့်အညီ အပြင်းအထန်အရေးယူမည်ဖြစ်ကြောင်း သြဂုတ်လ ၂၂ ရက်နေ့၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ Medical Product Alert N0.5/2021 Falsified COVISHIELD Vaccine ဖြင့် ကာကွယ်ဆေးအတုများကို အရှေ့တောင်အာရှနိုင်ငံများ၊ အိန္ဒိယနိုင်ငံနှင့် အာဖရိကတိုက်များတွင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း ကာကွယ်ဆေးအတုများနှင့် ပတ်သက်၍ သြဂုတ်လ ၁၆ ရက်တွင် မြန်မာနိုင်ငံသို့ အသိပေးအကြောင်းကြားခဲ့ကြောင်း ဖော်ပြပါရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးအတုများသည် ကာကွယ်ဆေးပုလင်း (၁) လုံးလျှင် (၁၀) ကြိမ်စာ ထိုးနှံနိုင်ပြီး 5 ml ပါဝင်သော ပုလင်း၊ ကာကွယ်ဆေးပုလင်း (၁) လုံးလျှင် (၄) ကြိမ်စာ ပါဝင်သော 2 ml ပုလင်းများကို COVISHIELD အမှတ်တံဆိပ်ဖြင့် အတုပြုလုပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသကြီး/ပြည်နယ်များ၌ ကိုဗစ်ရောဂါကာကွယ်ဆေးကို သြဂုတ်လ ၂၁ ရက်နေ့အထိ စုစုပေါင်းလူဦးရေ ၄,၄၅၆,၈၅၇ ဦး ထိုးနှံပေးပြီးဖြစ်ရာ၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးစီးသူ ၂,၆၆၀,၀၂၇ ဦး နှင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူ ၁,၇၉၆,၈၃၀ ဦး ထိုးနှံပြီးစီးကြောင်း နိုင်ငံပိုင်သတင်းမီဒီယာမှ ထုတ် ပြန်ထားသည်။
Photo – credit
#PeopleMedia #COVISHIELD #ကျန်းမာရေးဝန်ကြီးဌာန
(unicode)
……………………………………………………………….
Photo – credit