ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် နိုင်ငံရေးအရဆွေးနွေးဆောင် ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့်တောင်းဆို၍မရနိုင်ကြောင်း နစက ဥက္ကဋ္ဌပြောကြား
PUBLISHED - January 27, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၇
ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေး ဆောင်ရွက်ပြီး လွှတ်တော်တွင်အတည်ပြုရန်လိုပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့ တွင် ကျင်းပခဲ့သည့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးတွင် ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်လပ်ရေးရရှိသည်မှာ ၇၅ နှစ်ကျော်လွန်လာပြီ ဖြစ်သော်လည်း နိုင်ငံရေးခိုင်မာအောင်တည်ဆောက် နိုင်ခြင်းမရှိသေးကြောင်း၊ မိမိတို့ အနေဖြင် စစ်မှန်စည်ကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်ခိုင်မာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး ဆိုသည့် နိုင်ငံရေး မျှော်မှန်းချက် ၂ ရပ်ကိုချမှတ်ထားကြောင်း၊ ဒီမိုကရေစီစိတ်ဓာတ်၊ တိုင်းပြည် ကောင်းအောင် ဆောင်ရွက်လိုသည့် စိတ်ဓာတ်ရှိမည်ဆိုပါက အဆိုပါ မျှော်မှန်းချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုဖြစ်ပွားနေသည့် ပြဿနာမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြည်နယ်၊ ဒေသများ ရရှိအောင် ဥပဒေပြင်ပမှ တောင်းဆိုလာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးနှင့်ပတ်သက်၍ ဥပဒေ၊ စည်း ကမ်းများနှင့်အညီ ဆောင်ရွက်တတ်ရန် လိုအပ်ချက်များစွာရှိနေသေးကြောင်း ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) သည် မဲပေးခွင့်ရှိသူများ၏ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံထား သည့် ဥပဒေဖြစ်ကြောင်း၊ အဆိုပါအခြေခံဥပဒေသည် ပြည်သူ အများစု၏ ဆန္ဒမဲများဖြင့် အတည်ပြုပြဌာန်း ထားခြင်းဖြစ်သဖြင့် ကျော်လွန် ဆောင်ရွက်၍ မရကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီသာထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်း နိုင်ငံရေးအရ ဆွေးနွေး ဆောင်ရွက်ပြီး လွှတ်တော်တွင် အတည်ပြုရန်လိုကြောင်း၊ လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆို၍ မရနိုင်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံတွင် တိုင်းရင်းသား လူမျိုး ပေါင်း ၁၃၅ မျိုးရှိပြီး လူများစု ရှိသည့် တိုင်းရင်းသားများရှိသကဲ့သို့ လူနည်းစု တိုင်းရင်းသားများလည်း ရှိကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား များအားလုံး တန်းတူအခွင့်အရေး ရရှိရေးအတွက် ရွေးကောက်ပွဲကို PR စနစ်ဖြင့်ပြုလုပ်နိုင်ရန် ဆွေးနွေး ဆောင်ရွက်နေကြောင်း၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးထားကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံရေးအရ တည်ငြိမ်မှုရှိစေရေး နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
#PeopleMedia