• Follow Us on
Latest News

Home ကီလိုမီတာ ၃၀၀၀ အထိ ပျံသန်းနိုင်တဲ့ တာဝေးဒရုန်း ယူကရိန်းအောင်မြင်စွာ စမ်းသပ်ပျံသန်း

ကီလိုမီတာ ၃၀၀၀ အထိ ပျံသန်းနိုင်တဲ့ တာဝေးဒရုန်း ယူကရိန်းအောင်မြင်စွာ စမ်းသပ်ပျံသန်း

Share this post

နိုင်ငံတကာ၊ မတ် ၂၁

 

ယူကရိန်းနိုင်ငံဟာ မော်စကိုနဲ့ စိန့်ပီတာစဘတ် နှစ်မြို့စလုံးကို သွားရောက်တိုက်ခိုက်နိုင်တဲ့ ကီလိုမီတာ ၃,၀၀၀ (၁,၈၆၄ မိုင်) အကွာအဝေးအထိ ပျံသန်းနိုင်တဲ့ တာဝေးဒရုန်းတစ်စင်းကို စမ်းသပ်ခဲ့ပါတယ်။

 

သမ္မတဗလာဒီမာဇီလန်စကီးက ဒရုန်းစမ်းသပ်မှုအကြောင်း မိန့်ခွန်းတစ်ခုထဲမှာ ထည့်သွင်းပြောဆိုခဲ့ပြီး အဆိုပါဒရုန်း တွေကို ပိုမိုထုတ်လုပ်သွားဖို့ တို်က်တန်းထားပါတယ်။

 

“တာဝေးဒရုန်းတွေနဲ့ ပတ်သက်ပြီး သတင်းကောင်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ ကီလိုမီတာ ၃၀၀၀ အထိ ပျံသန်းနိုင်တဲ့ ဒရုန်းကို အောင်မြင်စွာ စမ်းသပ်ခဲ့ပြီးပါပြီ။” လို့ ဇီလန်စကီးက ပြောပါတယ်။

 

“ဒီဇိုင်းရေးဆွဲသူတွေနဲ့ ထုတ်လုပ်သူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ လုံခြုံရေးကို အာမခံ ရာမှာ အထောက်အကူပြုနိုင်မယ့် တာဝေးပျံသန်းနိုင်တဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ကျွန်တော်တို့တွေ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်နေပါပြီ။” လို့ ၎င်းက ပြောပါတယ်။

 

ဒရုန်းနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ ဒါပေမဲ့ ယူကရိန်းနိုင်ငံဟာ အရင်ကတည်းက ရုရှား လေယာဉ်ကွင်းတွေနဲ့ ရေနံချက်စက်ရုံတွေကို တာဝေးဒရုန်းတွေအ သုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

၂၀၂၄ ခုနှစ် ဒီဇင်ဘာလက ယူကရိန်းဒရုန်းတစ်စင်းဟာ နယ်စပ်ဒေသနဲ့ ကီလိုမီတာ ၁၀၀၀ (၆၂၀ မိုင်) ဝေးကွာတဲ့ ရုရှားနိုင်ငံ ကာဇန်မြို့က အထပ်မြင့်အဆောက်အဦတစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီအရင်ကလည်း နယ်စပ်နဲ့ ကီလိုမီတာ ၁၂၀၀ (၇၄၆ မိုင်) ဝေးကွာတဲ့ ရုရှားနိုင်ငံ Bashkortostan ဒေသက ရေနံချက် စက်ရုံတစ်ခုကို ယူကရိန်းလုံခြုံရေးအဖွဲ့က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

 

အဲဒီစစ်ဆင်ရေးဆောင်ရွက်ဖို့အတွက် အဆိုပါဒရုန်းဟာ ကီလိုမီတာ ၁၅၀၀ (၉၃၂ မိုင်) ခန့်ကို ပျံသန်းခဲ့ရတယ်လို့ AFP သတင်းဌာနက စကားပြောခွင့်ရခဲ့တဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

ကီလိုမီတာ ၁၀၀၀ (၆၂၁ မိုင်) အကွာအဝေးကို ပစ်ခတ်နိုင်တဲ့ Long Neptune ခရုစ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ် ပစ်ခတ်နိုင်ခဲ့ကြောင်း ယူကရိန်းနိုင်ငံက ကြေညာလိုက်ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို ကီလိုမီတာ ၃၀၀၀ အထိ ပျံသန်း နိုင်တဲ့ တာဝေးဒရုန်းစမ်းသပ်မှု အောင်မြင်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

 

တပြိုင်တည်းမှာပဲ ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့််တို့ ဖုန်းပြောဆိုပြီးနောက် ယူကရိန်း က စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်နေတာတွေ ယာယီရပ်တန့်ထားဖို့ ရုရှားအစိုးရက သဘောတူလိုက်ပါတယ်။

 

Ref: Ukraine Tests 3,000-Km Long-Range Drone

 

#PeopleMedia


Share this post