• Follow Us on
Latest News

Home ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

ကုန်ဈေးနှုန်းကြီးမြင့်မှုအပေါ် အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျစိစစ်ကြပ်မတ်ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၄

 

ကုန်ဈေးနှုန်းကြီးမြင့်မှုများအပေါ် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်ရန် ယမန်‌နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက “အသား၊ ငါးနဲ့ အခြေခံစားကုန် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုတွေ ဖြစ်ပေါ်‌နေတာကို တွေ့နေရပါတယ်။ ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်‌တွေအနေနဲ့ ပြည်သူတွေရဲ့ အခြေခံ စားကုန်တွေနဲ့ ပတ်သက်ပြီး သင့်တင့်လျောက်ပတ်တဲ့ အမြတ်ကိုပဲ တင်ပြီး ရောင်းချသွားဖို့ လိုပါတယ်။ ပြည်သူတွေကို ရောင်းချရာမှာ အမြတ်ငွေနည်းနည်းနဲ့ ပမာဏများများရောင်းချနိုင်ခြင်းဖြင့် ပြည်သူလူထု သက်သာချောင်ချိမှုရှိအောင် ဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းကြီးမြင့်မှု‌တွေအပေါ် ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့‌တွေ အနေနဲ့ စနစ်တကျ စိစစ်ကြပ်မတ် ဆောင်ရွက်ကြဖို့ လိုပါတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကုန်ဈေးနှုန်း‌တွေ ဖြစ်စေဖို့ စေတနာထားပြီး အပင်ပန်းခံဆောင်ရွက်ကြစေလိုပါတယ်။” ဟု ပြောသည်။

 

နိုင်ငံအတွင်း ဝင်ငွေနှင့် ထွက်ငွေကိုလည်း မျှတအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို မဖြစ်မနေတိုးမြှင့်ဆောင်ရွက်၍ ပြည်ပသို့တင်ပို့ရောင်းချနိုင်ရန်လိုကြောင်း၊ လက်ရှိတင်ပို့နေသည်ထက် နှစ်ဆခန့်ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ကိုယခုထက်တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် အလုပ်အကိုင်များ ဖန်တီးပေးခြင်းနှင့် ကုန်ထုတ်လုပ်ငန်းများအပေါ် incentive များပေးရန်လိုကြောင်း၊ အလုပ်အကိုင်များဖန်တီးရာတွင် လိုအပ်သည့်သွင်းအားစုများကိုလည်း လုံလောက်စွာ ရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုကို မဖြစ်မနေ တိုးမြှင့်ဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်ပြီး “မှတစ်ပါး အခြားမရှိ” ကြောင်း၊ ထုတ်လုပ်မှုများ ဆောင်ရွက်ရာ တွင် ဈေးကွက်ရှိပြီး အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းများဖြစ်ရန်လိုကြောင်း၊ ကုန်ပစ္စည်းချင်းတူပါက ဈေးသက်သာရမည်၊ ဈေးချင်းတူပါက အရည်အသွေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ယင်းအချက်နှစ်ချက်ဖြင့် ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီး ဌာနများအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန် ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၏ တင်ပြချက်များအရ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များအား ပြည်သူလူထုသို့ သက်သာသောဈေးနှုန်းများဖြင့် မည်ကဲ့သို့ ရောင်းချပေး လျက်ရှိသည်၊ ဆန်ဖူလုံမှု၊ ဆန်ဖူလုံမှု မည်မျှရှိသည်တို့ကို ရာခိုင်နှုန်းများဖြင့် တင်ပြကြသည်ကိုတွေ့ရကြောင်း၊ ဒေသအလိုက် ဝမ်းစာဖူလုံရေးနှင့်ပတ်သက်၍ အစိုးရကဆောင်ရွက်ပေးမှမဟုတ်ဘဲ လူတိုင်းက လုပ်ဆောင်ကြရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖူလုံမှုများရှိနေသည်ဟုဆိုပါက အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်ရန် အကြောင်းမရှိကြောင်း၊ ထို့ကြောင့် အခြေခံစားကုန်ဖူလုံရေးကို အဓိကထားဆောင်ရွက်ကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post