ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့်ဈေးနှုန်းထက်များပြားနေကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - September 2, 2024
နေပြည်တော်၊ စက်တင်ဘာ ၂
လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက်များပြားနေသည်ကိုတွေ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံစဉ် ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လိုလားကြကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်အေးချမ်းပြီး ပြည်သူများအနေဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးနှင့် နိုင်ငံရေးသည် အပြန်အလှန် အမှီသဟဲပြုနေခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ အားလုံးတွင် တာဝန်ရှိကြောင်း ပြောသည်။
စားဝတ်နေရေးတွင် စားရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက်များပြားနေသည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားငွေများရရှိစေရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ပြည်ပနှင့် အကြောင်း အမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှုများပြားလာခြင်းကြောင့် နိုင်ငံခြားငွေများလိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုများနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် မူဝါဒများချမှတ်၍ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ယခင်အစိုးရများအဆက်ဆက်က ပြည်ပမှချေးယူခဲ့သည့် ပြည်ပချေးငွေများကိုလည်း မိမိတို့အနေဖြင့် ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ နိုင်ငံခြားဝင်ငွေများရရှိရေးအတွက် ပြည်ပရောင်းတန်းဝင်သည့် ထုတ်ကုန် များ တိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အဆိုပါထုတ်ကုန်များကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့်လည်း စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအနေ ဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသရွေ့ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ထောက်ပံ့ကြေးများတိုးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်မှရသင့်ရထိုက် သည့်အခွန်အခများ မှန်မှန်ကန်ကန်ရရှိစေရေးတာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။
#PeopleMedia