ကုန်းတွင်းတံတားစီမံချက်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အာဆီယံ-သြစတေးလျ အစည်းအဝေးမှာ ဝန်ကြီးချုပ် ဆရက်ထာ စည်းရုံးသွားမည်
PUBLISHED - March 4, 2024
နိုင်ငံတကာ၊ မတ် ၄
ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ဟာ တနင်္လာနေ့ (မတ်လ ၄ ရက်နေ့) သြစတေးလျ- အာဆီယံအစည်း အဝေး တက်ရောက်မယ့်အချိန်မှာ နိုင်ငံတောင်ပိုင်းက ကုန်းတွင်းတံတားစီမံချက်အကြောင်းကို ပြောကြားသွား မှာဖြစ်ပြီး စီမံချက်အတွက် ရင်းနှီးမြှုပ်နှံမှုတွေရရှိလာအောင် ကြိုးပမ်းသွားဖို့ စီစဉ်ထားတယ်လို့ The Nation မှာ ရေးသားဖော်ပြထားပါတယ်။
ဝန်ကြီးချုပ်ဆရက်ထာနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၄ အာဆီယံ-သြစတေးလျ အထူးအစည်းအဝေးတက် ရောက်ဖို့အတွက် တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ရောက်ရှိနေမှာဖြစ် ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ချိုင်းဝါချာရွန်ကီက တနင်္ဂနွေနေ့က ပြောပါတယ်။
အစည်းအဝေးတက်ရောက်နေစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်ဟာ နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင် နိုင်ရေးဆောင်ရွက်သွားမှာဖြစ်သလို ထိုင်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ သြစတေးလျလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမှာဖြစ်ပါတယ်။
ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့လည်း သြစတေးလျနိုင်ငံထဲမှာ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်သွားဖို့ ဝန်ကြီးချုပ်ဆရက်ထာက တိုက်တွန်းသွားမှာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟာ နိုင်ငံတောင်ပိုင်း ကုန်းတွင်းတံတားစီမံချက်နဲ့ ထိုင်းနိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးနဲ့ ဂေဟ စနစ်ထိန်းညှိရေးနယ်ပယ်မှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့လည်း သြတေးလျလုပ်ငန်းရှင်တွေကို ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
သြစတေးလျအစိုးရကလည်း “၂၀၄၀ ပြည့်နှစ် မူဝါဒအတွက် အရှေ့တောင်အာရှ စီးပွားရေးမဟာဗျူဟာ” နဲ့ အညီ အာဆီယံနိုင်ငံတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့ သြစတေးလျလုပ်ငန်းရှင်တွေကို တိုက်တွန်းသွားမှာဖြစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ချိုင်းဝါချာရွန်ကီက ပြောပါတယ်။
AUKUS (သြစတေးလျ၊ ဗြိတိန်၊ အမေရိကန်) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ရော Quad (သြစတေးလျ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်) လေးပွင့်ဆိုင်အဖွဲ့ဝင်အနေနဲ့ရော အရှေ့တောင်အာရှဒေသမှာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့အ တွက် ပိုမိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ဖို့ အာဆီယံအဖွဲ့က တိုက်တွန်းသွားမှာဖြစ်ကြောင်း ချိုင်းက ပြောပါတယ်။
AUKUS ဆိုတာ အင်ဒို-ပစိဖိတ်ဒေသအတွက် သြစတေးလျ၊ ဗြိတိန်၊ အမေရိကန် သုံးပွင့်ဆိုင် လုံခြုံရေးမဟာ မိတ်အဖွဲ့ဖြစ်ပြီး Quad ကတော့ သြစတေးလျ၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်တို့ပါဝင်တဲ့ လေးပွင့်ဆိုင် မဟာဗျူဟာ မြောက်လုံခြုံရေးအစည်းအဝေးအဖွဲ့ပဲဖြစ်ပါတယ်။
Ref: Srettha set to push for southern land bridge project at ASEAN-Australia summit
#PeopleMedia