“ကုန်းတွင်းတံတားစီမံချက်” တင်ဒါအောင်အဖွဲ့အစည်းကို အနှစ် ၅၀ လုပ်ပိုင်ခွင့်ပေးမည်ဖြစ်ကြောင်း ထိုင်း အစိုးရပြော

PUBLISHED - December 19, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉
စီမံချက်ပြီးဆုံးပြီး ၂၄ နှစ်အတွင်း အကျိုးအမြတ်စတင်ရရှိလာနိုင်မယ်လို့ မျှော်မှန်းထားတဲ့ ထိုင်းနိုင်ငံက ဘတ် ငွေတစ်ထရီလီယန်အကုန်အကျခံတည်ဆောက်မယ့် “ကုန်းတွင်းတံတားစီမံချက်” ကို တင်ဒါအောင်တဲ့နိုင်ငံ/ အဖွဲ့အစည်းကို အနှစ် ၅၀ လုပ်ပိုင်ခွင့်ပေးသွားဖို့ ထိုင်းအစိုးရက စဉ်းစားထားကြောင်း ထိုင်းသယ်ယူပို့ဆောင် ရေးဝန်ကြီး ဆူရီးယားဂျန်းရန်ဂရန်းကစ်က ပြောကြားလိုက်ပါတယ်။
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ “ထိုင်းနိုင်ငံ ကုန်းတွင်းတံတားစီမံချက်လမ်းပြပွဲ” အခမ်းအနားမှာ ဂျပန်ရင်းနှီး မြှုပ်နှံသူတွေကို စည်းရုံးရာမှာ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်နဲ့အတူ လိုက်ပါသွားတဲ့ သယ်ယူပို့ဆောင် ရေးဝန်ကြီး ဆူရီးယားဂျန်းရန်ဂရန်းကစ်က စည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။
သင်္ဘောလိုင်းတွေ၊ လော်ဂျစ်စတစ်တွေ၊ ဆိပ်ကမ်းစီမံခန့်ခွဲမှုတွေ၊ အဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းတွေ၊ စက်မှုဆိုင်ရာရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲမှုတွေပါဝင်တဲ့ အနှစ် ၅၀ လုပ်ငန်းပေါင်းစုံလုပ်ကိုင်ခွင့်ကို တင်ဒါအနိုင်ရရှိတဲ့ အဖွဲ့အစည်းကို ပေးအပ်သွားမှာဖြစ်ကြောင်း မစ္စတာဆူရီးယားက ပြောပါတယ်။
“ကုန်ကျစရိတ်-အကျိုးအမြတ် နှိုင်းယှဉ်လေ့လာရေးဆန်းစစ်မှုတစ်ခုပေါ် အခြေခံပြီး ပတ်ဝန်းကျင်နယ်မြေတွေ ဖွံ့ဖြိုးတိုးတက်ရေး အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေသစ်တစ်ရပ်ကို ပြဋ္ဌာန်းသွားမှာဖြစ်ပါ တယ်။ ၂၄ နှစ်အတွင်းမှာပဲ အကျိုးအမြတ်စတင်ရရှိလာလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။” လို့ ၎င်းက ပြောပါ တယ်။
ထိုင်းနိုင်ငံရဲ့ ပထဝီတည်နေရာနဲ့ ကြီးမားကျယ်ပြန့်တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေကို ကြည့်မယ်ဆိုရင် ထိုင်းနိုင်ငံဟာ လော်ဂျစ်စတစ်ဗဟိုချက်မဖြစ်လာဖို့ နေရာကောင်းမှာတည်ရှိနေတာကို တွေ့ရမှာဖြစ်ကြောင်း၊ အဲ ဒီလိုတည်ရှိနေခြင်းက “ကုန်းတွင်းတံတားစီမံချက်” မှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်ကြောင်း မစ္စတာဆူရီးယားက ပြောပါတယ်။
ထိုင်းပင်လယ်ကွေ့ အရှေ့ဘက်ကမ်းခြေက ချွန်ဖုန်နဲ့ အက်ဒမန်ပင်လယ်က ရနောင်းမြို့တို့ကို ဆက်သွယ်ထား တဲ့ ဒီစီမံချက်ဟာ ကုန်စည်သယ်ယူပို့ဆောင်ရာမှာ မလက္ကာရေလက်ကြားကို ဖြတ်သန်းလာရတဲ့ အချိန်နဲ့ လော် ဂျစ်စတစ်ကုန်ကျစရိတ်တွေကို သက်သာစေမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
ဂျပန်ထိပ်တန်းကုမ္ပဏီ ၃၀ နီးပါးက ကိုယ်စားလှယ်တွေတက်ရောက်လာတဲ့ အဲဒီ ကုန်းတွင်းတံတားစီမံချက် လမ်းပြပွဲအခမ်းအနားမှာ မိန့်ခွန်းပြောကြားရာမှာ ထိုင်းဝန်ကြီးချုပ်ဆရက်ထာက “၂၀၃၀ ပြည့်နှစ် ဝန်းကျင် မလက္ကာရေလက်ကြား ရေလမ်းကြောင်းယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်ပေါ်လာတဲ့အချိန်မှာ အသေးစားနဲ့ အ လတ်စားကုန်တင်သင်္ဘောတွေအတွက် ထိုင်းနိုင်ငံရဲ့ကုန်းတွင်းတံတားဟာ အပြောင်းအလဲလမ်းကြောင်းတစ်ခု ဖြစ်လာမှာဖြစ်ကြောင်း” ပြောပါတယ်။
ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားကနေ အရှေ့တောင်အာရှ၊ ဗဟိုအာရှနဲ့ အရှေ့အလယ်ပိုင်းဒေသဘက်ကို သွား ရောက်မယ့် ကုန်စည်သင်္ဘောတွေအတွက် သင်္ဘောခုတ်မောင်းချိန် ၅ ရက် လျှော့ချနိုင်မှာဖြစ်သလို လော်ဂျစ်စ တစ်ကုန်ကျစရိတ် ၄% သက်သာလာမှာဖြစ်ပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံအရှေ့ပိုင်း၊ ထိုင်ဝမ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်၊ အရှေ့တောင်အာရှ၊ ဗဟိုအာရှနဲ့ အရှေ့အ လယ်ပိုင်းဒေသ နိုင်ငံတွေကြား ကူးသန်းသွားလာရာမှာလည်း အချိန် ၃ ရက် လျှော့ချနိုင်မှဖြစ်သလို လော်ဂျစ်စ တစ်ကုန်ကျစရိတ် ၄% လျှော့ချနိုင်မှာဖြစ်ပါတယ်။
ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ တရုတ်နိုင်ငံတောင်ပိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗဟိုအာရှ၊ အရှေ့အ လယ်ပိုင်းဒေသနိုင်ငံတွေကြား ကူးသန်းသွားလာရာမှာလည်း ခရီးစဉ်ကြာမြင့်ချိန် ၁၄ ရက်ထက်မပိုဘဲ ကုန်ကျ စရိတ် ၃၅% သက်သာသွားမယ်လို့ ဆိုပါတယ်။
Ref: PM plugs Land Bridge in Japan
#PeopleMedia