ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာတွင်ပါဝင် သည့်အခြေအမြစ်မရှိသော စွပ်စွဲချက်များကို မြန်မာကန့်ကွက်ပယ်ချ
PUBLISHED - June 26, 2024
နေပြည်တော်၊ ဇွန် ၂၆
မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂ ဒါဇင်ကျော်နှင့် ပတ်သက်သောဖော်ပြချက်များပါဝင်သည့် ၂၀၂၃ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အစီရင်ခံစာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါအစီရင်ခံစာပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ဖော်ပြချက်တွင် အတည်မပြုနိုင်သော သတင်းရင်း မြစ်များနှင့် အစိုးရကိုဆန့်ကျင်သည့် အုပ်စုများထံမှရရှိသော အချက်အလက်များအပေါ် အခြေခံထားသည့် အခြေအမြစ်မရှိသော တစ်ဖက်သတ်စွပ်စွဲချက်များနှင့် မမှန်ကန်သည့် ကိန်းဂဏန်းများပါဝင်သည်ကို တွေ့ရှိ ရသည်။
ထို့အပြင် အစီရင်ခံစာ၌ ချိုးဖောက်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူများနှင့်ပတ်သက်၍ ရှင်းလင်းစွာဖော်ပြထား ခြင်းမရှိသဖြင့် ထင်ယောင်ထင်မှားဖြစ်စေသည်။ ထို့ပြင် တပ်မတော်ကကျူးလွန်သည်ဟု စွပ်စွဲဖော်ပြထားသည့် စာရင်းတွင် လက်နက်ကိုင်အဖွဲ့အမျိုးမျိုး၏ ကျူးလွန်မှုများအား ထည့်သွင်းထားသည်ကိုလည်း တွေ့ရှိရသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ်၏ မေတ္တာရပ်ခံချက်အရ မြန်မာအစိုးရက အချက်အလက်များအား အစီရင်ခံစာ မထုတ်ပြန်မီ ကြိုတင်ပေးပို့ခဲ့ သော်လည်း ယင်းအချက်များကို အစီရင်ခံစာတွင် ထင်ဟပ်ဖော်ပြထားခြင်းမရှိသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
အရွယ်မရောက်သေးသူများအား စစ်မှုထမ်းစေသည်ဟူသော စွပ်စွဲမှုများနှင့်စပ်လျဉ်း၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးရေးကော်မတီသည် ကုလသမဂ္ဂစောင့်ကြည့်လေ့ လာ အစီရင်ခံတင်ပြရေးလုပ်ငန်းအဖွဲ့ (UN Country Task Force on Monitoring and Reporting) နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ကော်မတီအနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ CTFMR နှင့် အစည်းအဝေးစုစုပေါင်း ၅၈ ကြိမ် ကျင်းပခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် CTFMR ၏ စုံစမ်းချက်များအပေါ် အချက်အလက်အထောက်အထားများဖြင့် ပြန်ကြား လျက်ရှိသည်။ ၂၀၂၃ ခုနှစ်အတွင်း CTFMR ကစုံစမ်းသည့် အသက်မပြည့်သူဟု သံသယရှိသူ စုစုပေါင်း ၉ ဦးသာရှိခဲ့သော်လည်း ယခုအစီရင်ခံစာတွင် တပ်မတော်က ၂၀၂၃ ခုနှစ်အတွင်း အသက်မပြည့်သေးသူ ၁၁၀၂ ဦးကို စစ်မှုထမ်းစေခဲ့သည်ဟု ချဲ့ကားဖော်ပြထားကြောင်း ထုတ်ပြန်ထားသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အစီရင်ခံစာတွင် ပါဝင်သည့် အခြေအမြစ်မရှိသော စွပ်စွဲချက်များကို ကန့်ကွက် ပယ်ချပြီး၊ အပြုသဘောဆောင်သောချဉ်းကပ်မှုဖြင့် မျှတမှုရှိပြီး ယုံကြည်လက်ခံနိုင်သော အစီရင်ခံစာများကို ထုတ်ပြန်ရန် ကုလသမဂ္ဂအားတောင်းဆိုကြောင်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီမှ ထုတ်ပြန်ထားသည်။
#PeopleMedia