• Follow Us on
Latest News

Home ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ အချိန်အကြာဆုံး ၆ လတာကာလအတွင်း ပြီးစီးစေရေးဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ အချိန်အကြာဆုံး ၆ လတာကာလအတွင်း ပြီးစီးစေရေးဆောင်ရွက်ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပျက်စီးမှုအနည်း၊ အများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန်နှင့် အချိန်အကြာဆုံး ၆ လတာ ကာလအတွင်း ပြီးစီးစေရေးဆောင်ရွက်သွားရန် ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြားလိုက်သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍လည်း သေဆုံးခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ အိုးအိမ်ဆုံးရှုံးခဲ့ရသူများကို ထောက်ပံ့မှုများဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ချိန်၌ လူနေအိမ်များ များစွာဆုံးရှုံးခဲ့သည်ကို တွေ့ရပြီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ပြည်သူများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ ရေဘေးဒုက္ခသည်စခန်းများရှိ ပြည်သူများ စားသောက်ရေးအတွက်လည်း အဆင်ပြေအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောသည်။

 

လက်ရှိ နောက်ဆုံးကောက်ယူရရှိထားသည့် စာရင်းများအရ ယခုဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ၂၂၆ ဦးသေဆုံးခဲ့ပြီး ပျောက်ဆုံးသူ ၇၇ ဦး၊ ရေစီးဖြင့် မျောပါသူ ၁၂ ဦး၊ ဒဏ်ရာရရှိသူ ၄၇ ဦးရှိကြောင်း၊ လူနေအိမ်များပျက်စီးမှုအနေဖြင့် ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကြောင်း၊ ရေဝင်နစ်မြုပ်မှုမှာ ၁၅၈၃၄၃ လုံး ဖြစ်ကြောင်း၊ ယာယီဒုက္ခသည်စခန်း များတွင် ၁၆၃၅၇၃ ဦးရောက်ရှိလျက်ရှိပြီး ဆွေမျိုးများအိမ်တွင် သွားရောက်နေထိုင်သူ ၂၃၄၅၃၅ ဦးရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် လာမည့် အောက်တိုဘာ ၁ ရက် နေ့တွင် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်တော့မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကူညီကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား ၎င်းတို့၏ နေရပ်များတွင် အတတ်နိုင်ဆုံးအမြန်ဆုံးပြန်လည် နေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်၍ ပျက်စီးမှုအနည်း၊ အများအလိုက် ဦးစားပေးအဆင့်သတ်မှတ်ပြီး အမြန်ဆုံးပြီးစီးစေရန်နှင့် အချိန်အကြာဆုံး ၆ လတာ ကာလ အတွင်း ပြီးစီးစေရေးဆောင်ရွက်သွားရန်လိုကြောင်း ပြောသည်။

 

ပိတ်ထားရသည့် ကျောင်းများကိုလည်း အမြန်ဆုံးဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ပြန်လည်ဖွင့်လှစ်ချိန်တွင် သင်ခန်းစာများလစ်ဟင်းမှု မရှိစေရေး အချိန်ပိုများ သင်ကြားပေးရန်လိုကြောင်း၊ ကျောင်းပိတ်ရက်အလွန်များပြားသွားမည်ဆိုပါက နွေရာသီတွင် ပြန်လည်သင်ကြားပေးနိုင်ရေး စီမံသွားရန် လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ရနိုင်သမျှ Saving လုပ်သွားရန်လိုကြောင်း၊ ယနေ့တင်ပြချက်များအား Check List ပြုလုပ်၍ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများကို အမြဲမပြတ်စိစစ်၍ လုပ်ငန်းတိုးတက်မှုများကို တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်သွားရန်နှင့် တင်ပြသွားရန်လိုကြောင်း၊ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ရေး အဓိကထားဆောင်ရွက်သွားကြရန်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားခဲ့သည်။

 

#PeopleMedia


Share this post