• Follow Us on

Home ကူးစက်နိုင်သည့်ရောဂါများဖြစ်သည့် ကိုဗစ်ရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကို စဉ်ဆက်မပြတ် စောင့်ကြည့်သုတေသနပြုလုပ်ရန် နစကဥက္ကဋ္ဌမှာကြား

ကူးစက်နိုင်သည့်ရောဂါများဖြစ်သည့် ကိုဗစ်ရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကို စဉ်ဆက်မပြတ် စောင့်ကြည့်သုတေသနပြုလုပ်ရန် နစကဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၃

 

ကူးစက်နိုင်သည့် ရောဂါများဖြစ်သည့် ကိုဗစ်ရောဂါ၊ ဆေးယဉ်ပါးတီဘီရောဂါ၊ သွေးလွန် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကို စဉ်ဆက်မပြတ်စောင့်ကြည့် သုတေသနပြုလုပ်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က (၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေး ဆိုင်ရာသုတေသန ညီလာခံဖွင့်ပွဲအခမ်းအနားတွင် မှာကြားခဲ့သည်။

 

“မကူးစက်နိုင်တဲ့ ရောဂါများအတွက် အရေးပါသလို ကူးစက်နိုင်တဲ့ ရောဂါများဖြစ်တဲ့ ကိုဗစ်ရောဂါ၊ ဆေးယဉ်ပါး တီဘီရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါတို့ကိုလည်း စဉ်ဆက်မပြတ်စောင့်ကြည့် သုတေသနပြု လုပ်နေဖို့လည်း လိုအပ်ပါတယ်။ ရောဂါကုထုံးသစ် များ၊ ကာကွယ်ဆေးများထုတ်ဖော်ဖို့အရေးပါတဲ့ အခြေခံ အချက်အလက်များကို ဖော်ထုတ်နိုင်ဖို့အတွက် သုတေသနတွေကို စဉ်ဆက်မပြတ် ဆောင်ရွက်နေဖို့လိုအပ်ပါ တယ်။”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆေးသုတေသနဦးစီးဌာန (ရန်ကုန်ရုံးချုပ်)မှာ အဆင့်မြင့်မော်လီ ကျူး သုတေသနဌာန ဓာတ်ခွဲခန်း တည်ထောင်ခြင်းသည် ယခု ၂၀၂၄ ခုနှစ်၊ (၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံမှာဆိုရင် (၁၀)နှစ် ပြည့်မြောက် ခဲ့ပြီဖြစ်ကြောင်း၊ ထိုဓာတ်ခွဲခန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီအထောက်အပံ့နှင့် ၂၀၁၄ခုနှစ်တွင် ဓာတ်ခွဲခန်း အဆင့်မြင့်ဓာတ်ခွဲခန်း နည်းပညာအသုံးပြုထားသည့် ဇီဝလုံခြုံမှုအဆင့်(၂)အထက်ရှိ ဓာတ်ခွဲခန်းပါဝင်ပြီး သုတေသီများနှင့် နည်းပညာရှင်များကို ရက်ရှည်လေ့ကျင့်သင်ကြားပေးခဲ့သည့် အတွက် မြန်မာနိုင်ငံတွင် ကိုဗစ် -၁၉ ကပ်ရောဂါကာလအတွင်း အဆင့်မြင့် မော်လီကျူးသုတေသနစင်တသည် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ မျိုးကွဲများ၏ မျိုးရိုးဗီဇများကို ရှာဖွေဖော်ထုတ်စမ်းသပ် လေ့လာသုံးသပ်ခြင်းများကို အစဉ်တစိုက်လုပ်ဆောင်နေပြီး၊ ယခုအခါ ကိုဗစ်-၁၉ မျိုးကွဲဗီဇစိစစ်ခြင်း စမ်းသပ်မှုပေါင်း (၃၀၀) ကျော်ကို ဆေးသုတေသနဦးစီးဌာနတွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံအတွင်း ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ မျိုးကွဲဆိုင်ရာ အချက်အလက်များကို အများပြည်သူသိရှိစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ စဉ်ဆက်မပြတ် သတင်းမျှဝေပေး နေနိုင်သည့်အတွက်လည်း ဝမ်းသာဂုဏ်ယူမိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွန်ခဲ့သည့် နှစ်တစ်ရာကျော်ခန့်က ဖြစ်ပွားခဲ့ပြီးနောက် အခုထပ်မံ ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး နောင်လာနောင်သားများ သိရှိစေရန် အတွက် မှတ်တမ်းမှတ်ရာများ ကျန်ရှိနေရန် လိုအပ်ကြောင်း၊ ထိုအရာကိုရည်ရွယ်ပြီး ကာကွယ်ရေးဝန်ကြီး ဌာနအောက်ရှိ တပ်မတော်ဆေးသုတေသနတပ်နှင့် ကျန်းမာရေးဝန်ကြီး ဌာနတို့မှ သုတေသနပညာရှင်များက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ကို သိရှိရ ကြောင်း၊ ထိုသုတေသနလုပ်ငန်းမှ ထွက်ပေါ်လာသည့် သုတေသန ရလဒ်စာတမ်းများကို ယခုညီလာခံမှာ တင်သွင်းဖတ်ကြားမည်ဆိုသည်ကို သိရှိရခြင်းကြောင့် ဝမ်းမြောက်ဂုဏ်ယူမိကြောင်းဖြင့် ပြောကြားသည်။

 

#PeopleMedia


Share this post