ကမ္ဘောဒီးယား၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် “ကောင်းဘွိုင်သံတမန်ဆက်ဆံရေး” က အာဆီယံအဖွဲ့ကို အထီးကျန်ဖြစ်စေလိမ့်မည်
PUBLISHED - December 23, 2021
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃ (People Media)
အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လာမည့်နှစ်တွင် ထမ်းဆောင်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံက ပြင်ဆင် နေစဉ်အတွင်း မြန်မာစစ်ခေါင်းဆောင်များကို အာဆီယံအဖွဲ့အတွင်း ခေါ်ယူနေမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟွန် ဆန်နှင့် အာဆီယံနိုင်ငံအများစုမှာ သဘောထားကွဲလွဲလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံနိုင်ငံအများစုက စစ်အစိုးရ ကိုပြစ်တင်ရှုတ်ချခဲ့ပြီး အောက်တိုဘာလတွင်ကျင်းပခဲ့သည့် အာဆီယံအစည်းအဝေးနှင့် နိုဝင်ဘာလတွင်ကျင်းပ ခဲ့သည့် အာဆီယံ-တရုတ် အစည်းအဝေးများသို့ မြန်မာစစ်အစိုးရကို မဖိတ်ကြားဘဲနေခဲ့ကြသည်။ သို့သော် အာ ဆီယံနိုင်ငံများကစိုးရိမ်ပူပန်နေသည့်ကြားမှ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ရှေ့ဆက်သွားရန် အကောင်း ဆုံးနည်လမ်းအဖြစ် မြန်မာစစ်အ စိုးရနှင့်ဆက်ဆံရန် တိုက်တွန်းခဲ့သည်။
ပထမဦးဆုံးကြိုးပမ်းအားထုတ်မှုအနေဖြင့် ဟွန်ဆန်သည် စစ်အစိုးရကခန့်အပ်ထားသောနိုင်ငံခြားရေးဝန်ကြီး ဦး ဝဏ္ဏမောင်လွင်နှင့် ဖနွမ်ပင်မြို့တွင် ဒီဇင်ဘာလ ၇ ရက်နေ့ကတွေ့ဆုံခဲ့သည်။
ဟွန်ဆန်အနေဖြင့် ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ပြီး မြန်မာ့အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အာဆီယံအဖွဲ့၏ မြန်မာနိုင်ငံအပေါ်ချဉ်းကပ်မှုသည် “အံ့သြလောက်ဖွယ်ရာအောင်မြင်မှု” မဟုတ်ကြောင်း၊ အ နည်းငယ်သောအောင်မြင်မှုသာရရှိခဲ့ကြောင်း၊ တစ်စုံတစ်ယောက်က အာဆီယံအစည်းအဝေးများတွင် မြန်မာ နိုင်ငံက ပါဝင်ခွင့်မရအောင် ကန့်သတ်တားဆီးခဲ့ကြောင်း၊ ယခုအခါ ဟွန်ဆန်က ယင်းလုပ်ရပ်ကို မှေးမှန်သေး သိမ်အောင်လုပ်ဖို့ ကြိုးစားနေကြောင်း လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အဖွဲ့ APHR ဥက္ကဋ္ဌ ချာလီးစ် ဆန်တီယာဂိုက ပြောသည်။
ဟွန်ဆန်လတ်တလောကျင့်သုံးခဲ့သည့် အန္တရာယ်များပြီးကြမ်းတမ်းသော နည်းဗျူဟာများအဖြစ်ရည်ညွှန်းပြော ဆိုသော “ကောင်းဘွိုင်သံတမန်ဆက်ဆံရေး” ကြောင့် အာဆီယံအဖွဲ့အတွင်းရှိ မိတ်ဖက်နိုင်ငံအများအပြားစိုးရိမ် ပူပန်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာအာဏာပိုင်များနှင့်မဆက်ဆံပါ က ဘာဆက်လုပ် ရမည်နည်းဟု ဝန်ကြီးချုပ်ဟွန်ဆန်က ပြောခဲ့သည်။ “ကျေးဇူးပြုပြီး ကျွန်တော့်ကို စိတ်အနှောင့် အယှက်မပေးပါနဲ့။ ပြဿနာဖြေရှင်းနိုင်အောင် ကျွန်တော့်ကို အခွင့်အရေးပေးပါ။” ဟု ဝေဖန်သူများကို ၎င်းက ပြောသည်။
“ဟွန်ဆန်ဟာ သူ့ကိုယ်သူ ငြိမ်းချမ်းရေးသမားတစ်ယောက်အဖြစ်ယုံကြည်ထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ရင် ကမ္ဘောဒီးယားစစ်ပွဲအလွန်ကာလက သူ့ရဲ့အတွေ့အကြုံတွေကို အကြိမ်ကြိမ်အလေးထားပြောဆိုခဲ့တယ်။” ဟု ၁၉၉၀ ပြည့်နှစ်အလွန်နှစ်များအတွင်း ခမာနီများနောက်ဆုံးလက်နက်ချအောင် ညှိနှိုင်းဆွေးနွေးခဲ့သည့် ဟွန်ဆန် ၏ အခန်းကဏ္ဍကို ရည်ညွှန်း၍ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာနမှ အရှေ့တောင်အာရှရေးရာ ပရို ဂရမ် အဖွဲ့ဝင် ချာလီးစ်ဒန့်စ်တ်က ပြောသည်။
လူဦးရေ ၂ သန်းနီးပါး အစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသော ခမာနီ အစိုးရကို ဗီယက်နမ်ကျူးကျော်မှုနှင့်အတူ ၁၉၇၈ ခုနှစ်တွင် တရားဝင်ဖြုတ်ချခဲ့သော်လည်း အစိုးရသည် နိုင်ငံ တွင်း အချို့နေရာများကို ပြန်လည်ထိန်းသိမ်းခဲ့သည်။ ယင်းအဖြစ်အပျက်တွင် ခမာနီများထံမှစွန့်ခွာထွက်ပြေးကြ ရန် တိုက်တွန်းခဲ့ပြီး နောက်ဆုံးတိုက်ပွဲများရပ်တန့်သွားစေခဲ့သည့် နည်းဗျူဟာကို ဟွန်ဆန်က ၎င်း၏ သူနိုင်ကိုယ် နိုင် (win-win) မူဝါဒဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံ ကျဆုံးသွားတဲ့နိုင်ငံတစ်နိုင်ငံမဖြစ်အောင် ဟွန်ဆန်ကာကွယ်ချင်တဲ့နည်းလမ်းက အာဏာသိမ်းစစ် အစိုးရကို အဆက်အသွယ်ဖြတ်တောက်ပြီး အထီးကျန်စေတာထက် အာဏာသိမ်းစစ်အစိုးရနဲ့ ဆက်ဆံတာပါပဲ။ ဒါပေမဲ့ သူ့အတွက် ဖြစ်နိုင်ခြေတွေက ခန့်မှန်းရခက်ပါတယ်။ မစဉ်းစားမဆင်ခြင်ဘဲ အရမ်းကာရောလုပ်တဲ့နည်း နဲ့ ဆုံးဖြတ်ချက်ချတာတွေဟာ မြန်မာနိုင်ငံတွင်းက အခြေအနေတွေကို ပိုမိုဆိုးရွားသွားစေနိုင်တဲ့ အန္တရာယ်ရှိနေ ပါတယ်။” ဟု ချာလီးစ်ဒန့်စ်တ်က ပြောသည်။
စစ်အာဏာသိမ်းစဉ်ကတည်းက ယနေ့အချိန်အထိ လူဦးရေ ၁၃၄၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း၊ ဆန္ဒပြသူ များကိုလည်း ဆက်လက်ဖိနှိပ်ဖြိုခွင်းနေကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း တိုက်ပွဲများဖြစ်ပွားနေကြ ကြောင်း နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအဖွဲ့ AAPP က ပြောသည်။
သို့သော် ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ “ကောင်းဘွိုင်သံတမန်ဆက်ဆံရေး” သည် အာဆီယံအဖွဲ့အတွင်းမှ နိုင်ငံ များကို ဒုက္ခပေးနေကြောင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် အာဆီယံအဖွဲ့အတွင်းရှိ အခြားနိုင်ငံများ၏အသံ များကို နားမထောင်ဘဲ ၎င်းစိတ်ထင်ရာလုပ်ဆောင်နေကြောင်း အသံများထွက်ပေါ်လျက်ရှိသည်။
ဟွန်ဆန်၏ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ၎င်းဆောင်ရွက်နေသည့် စွမ်းရည် အထူးသဖြင့် မြန်မာနိုင်ငံသို့ တရားဝင်သွားရောက်ရန် ပြင်ဆင်ထားမှုများကို လူ့အခွင့်အရေးဆိုင်ရာအာဆီယံ ပါလီမန်အဖွဲ့ APHR ဥက္ကဋ္ဌ ချာလီးစ်ဆန်တီယာဂိုက အထူးစိုးရိမ်ပူပန်လျက်ရှိသည်။
“ဟွန်ဆန်ဟာ ဒီအစီအစဉ်တွေကို သူတစ်ယောက်တည်းသဘောနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဘယ်သူက သူ့ကို အဲဒီလို လုပ်ပိုင်ခွင့်တွေပေးထားတာလဲ။ သူဟာ မြန်မာနိုင်ငံကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် သူ့ကိုယ် ပိုင်ဆုံးဖြတ်ချက်နဲ့သွားမှာလား၊ ဒါမှမဟုတ် အာဆီယံကို ကိုယ်စားပြုပြီးသွားမှာလား။ သူ့ရပ်တည်မှုကို ရှင်းရှင်း လင်းလင်းပြောဖို့လိုပါတယ်။ သူ မသွားခင် လူသိရှင်ကြားကြေညာဖို့လိုတယ်။ သူ (မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံဖို့) အစည်းအဝေးသွားဖို့ဆိုရင် အာဆီယံက ထောက်ခံဖို့လိုတယ်။ ဒီလိုမှမဟုတ်ရင်တော့ အဲဒီလိုလုပ်တာဟာ ပြဿနာကို လက်ယပ်ခေါ်နေတာပါပဲ။” ဟု ဆန်တီယာဂိုကပြောသည်။
“(မြန်မာနိုင်ငံကို) သွားသင့်တဲ့ပုဂ္ဂိုလ်က သူမဟုတ်ဘူး။ (မြန်မာနိုင်ငံကို) သွားသင့်တဲ့ပုဂ္ဂိုလ်က အထူးကိုယ်စား လှယ်ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၎င်းတို့နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ပရက်ဆောက်ခွန်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ကြေညာခဲ့သည်။ ယင်းရွေးချယ်ဆုံးဖြတ်ချက်မှာ ကမ္ဘောဒီးယားဝန်ကြီးချုပ်တစ်ဦးတည်း၏ သဘောဖြင့် ရွေးချယ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။
နိုင်ငံခြားရေးဝန်ကြီး ပရက်ဆောက်ခွန်သည် အစပိုင်းကတည်းက ဝန်ကြီးချုပ်ဟွန်ဆန်၏ ဦးဆောင်မှုနောက်ကို လိုက်ခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့သည့် ဝန်ကြီးချုပ်၏ရိုးသား/ ပွင့်လင်း မှုကို အလွန်အမင်းချဲ့ကားပြောဆို ချီးကျူးခဲ့သည်။
အာဆီယံအဖွဲ့ဝင် အခြားနိုင်ငံများ၏ သဘောထားကိုအလေးမထားဘဲ ကမ္ဘောဒီးယားနိုင်ငံ၏ သွေဖယ်မှုက ဧပြီ လအတွင်းက အာဆီယံအစည်းအဝေးတွင်ချမှတ်ခဲ့သော အချက်ငါးချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်ကို ကမ္ဘောဒီး ယားနိုင်ငံက လက်ခံထားခြင်းရှိမရှိဟူသော စိုးရိမ်ပူပန်မှုကိုလည်း ဖြစ်ပေါ်စေသည်။
အများသဘောတူထားသည့် အချက်ငါးချက်ပါ အစီအစဉ်ထဲတွင် “အာဆီယံအထူးကိုယ်စားလှယ်နှင့် ကိုယ်စား လှယ်အဖွဲ့သည် သက်ဆိုင်ရာပုဂ္ဂိုလ်များအားလုံးနှင့် တွေ့ဆုံရမည်” ဆိုသည့်အချက်ပါဝင်သည်။ ကမ္ဘောဒီးယား နိုင်ငံသည် ယနေ့အချိန်အထိ မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရန် ကြိုးစားနေသည့် အ ရပ်သားအုပ်စုဖြစ် သော အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ကို လျစ်လျူရှုပြီး စစ်အစိုးရတစ်ဖွဲ့တည်းနှင့် သာ ဆက်ဆံနေသည်ကိုတွေ့ရသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘောဒီးယားတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗောင်ပီဆန်သည် ဒီဇင်ဘာ လ ၈ ရက်နေ့က မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗီဒီယိုကောဖြင့် စကားပြောခဲ့ကြရာ ၂၀၂၂ ခုနှစ် မတ်လတွင်ကျင်းပမည့် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအ စည်းအဝေးသို့ တက်ရောက်ရန် ဗိုလ်ချုပ်ကြီးဗောင်ပီဆန်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ သည်။
“မြန်မာနိုင်ငံ အာဆီယံအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ရဖို့အရေးကို ဟွန်ဆန်က အတော်လေးစိတ်အား ထက်သန်စွာဆောင်ရွက်နေတယ်၊ ကမ္ဘောဒီးယားနိုင်ငံဟာ စစ်အစိုးရနဲ့ စိတ်ပါလက်ပါ ဆက်သွယ်နေတယ်၊ သူ တို့အနေနဲ့ အပြန်အလှန်နားလည်သဘောပေါက်မှုတွေရှိကြတယ်ဆိုတာ ကျွန်တော်တို့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ အာဆီယံက အမှန်တကယ်မျှော်လင့်နေတဲ့အရာ မဟုတ်ပါဘူး။” ဟု ISEAS-Yusof Ishak Institute အာဆီယံလေ့လာရေးဌာနမှ နိုင်ငံရေး/ လုံခြုံရေးရာ ဦးဆောင်သုတေသီတစ်ဦးဖြစ်သူ ဂျွန်နီလင်းကပြောသည်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ၏ ဆုံးဖြတ်ချက်များက ကမ္ဘောဒီးယားနိုင်ငံကို ပြင်ပနိုင်ငံများ၏ သြဇာလွှမ်းမိုးမှုတစ်ခုခု သက်ရောက်နေပြီလားဆိုသည့် မေးခွန်းများကိုလည်း ထွက်ပေါ်လာစေပါသည်။
ဝန်ကြီးချုပ်ဟွန်ဆန် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မည်ဟု ကြေညာစဉ်က ၎င်းအနေဖြင့် အဆိုပါဆုံးဖြတ် ချက်အတွက် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန့်တ်နိုမာဆူဒီတို့နှင့် ဆွေးနွေးခဲ့ ကြောင်းနှင့် မြန်မာနိုင်ငံသို့လည်ပတ်ရေးခရီးစဉ်ကိစ္စသည် ဘက်ပေါင်းစုံပါဝင်သော ကြိုးပမ်းအားထုတ်မှု၏ အ စိတ်အပိုင်းတစ်ရပ်ဖြစ်ကြောင်း စောင်းပါးရိပ်ခြည်ပြောကြားခဲ့သည်။
သို့သော် ကျွမ်းကျင်သူများက ဟွန်ဆန်၏ပြောကြားချက်အပေါ် သံသယဖြစ်နေကြသည်။ အထူးသဖြင့် စစ်အစိုး ရအပေါ်ဆန့်ကျင်သည့်အသံများ အများအပြားထွက်ပေါ်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံက ဟွန်ဆန်၏ ဆုံးဖြတ် ချက်အပေါ် သို့မဟုတ် မြန်မာစစ်အစိုးရအပေါ် တစ်စုံတစ်ရာသြဇာလွှမ်းမိုးသည်ဆိုခြင်းကို ယုံကြည်မှုမရှိကြပေ။
“ပွင့်ပွင့်လင်းလင်းပြောရရင် ကမ္ဘောဒီးယား၊ ဂျပန်၊ အင်ဒိုနီးရှားနိုင်ငံတွေဟာ အပြောင်းအလဲလုပ်နိုင်လောက် အောင်စွမ်းဆောင်နိုင်တယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ တရုတ်နဲ့ ရုရှားဟာ မြန်မာ့တပ်မတော်ကို အဓိက ထောက်ပံ့နေတဲ့နိုင်ငံတွေဖြစ်တာမို့လို့ တရုတ်နဲ့ ရုရှားမပါဘဲနဲ့ မြန်မာနိုင်ငံအရေးမှာ ဘယ်လိုပဲ ဘက်ပေါင်းစုံ ကနေ ဆောင်ရွက်နေပါစေ အောင်မြင်မှုရနိုင်မယ်မထင်ပါဘူး။” ဟု ချာလီးစ်ဒန့်စ်တ်က ပြောသည်။
စစ်အာဏာသိမ်းပြီးကတည်းက ရုရှားရော တရုတ်နိုင်ငံပါ မြန်မာ့တပ်မတော်၏ ထင်ရှားသော မဟာမိတ်နိုင်ငံ များဖြစ်လာခဲ့ပြီး နိုင်ငံတကာကြိုးပမ်းမှုများ အထူးသဖြင့် မြန်မာ့တပ်မတော်ကို အရေးယူရန် ကုလသမဂ္ဂလုံခြုံ ရေးကောင်စီ၏ ကြိုးပမ်းမှုများမှာ အဟောသိကံဖြစ်ခဲ့ရသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ ဟွန်ဆန်၏ ဆုံးဖြတ်ချက်အလှည့်အပြောင်းမှာ နိုဝင်ဘာလအတွင်းက တရုတ်- အာဆီယံအစည်းအဝေးအပါအဝင် တရုတ်အထူးကိုယ်စားလှယ်စန်ကော်ရှန် မြန်မာ့တပ်မတော်ဘက်က ထောက်ခံပေးရန် စင်္ကာပူနှင့် ဘရူနိုင်းနိုင်ငံများသို့ သွားရောက်ခဲ့သည့်အချိန်နှင့် တစ်ထပ်တည်းဖြစ်နေခြင်းဖြစ် ပြီး ယင်းအဖြစ်အပျက်မှာ ကာလရှည်မဟာမိတ်များဖြစ်သည့် ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့၏ နောက်ထပ် တစ်ကြိမ် ပူးပေါင်းကြံ စည်မှုလည်းဖြစ်နိုင်သည်။
“တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် မြန်မာစစ်အစိုးရကို လက်ရှိအချိန်မှာ ထောက်ခံနေတဲ့အချိန်မှာပဲ မြန်မာအစိုးရနဲ့ ဆက်ဆံတာဟာ တရုတ်အကျိုးစီးပွားအတွက် အမှန်တကယ်အကျိုးရှိတာမို့လို့ ကမ္ဘောဒီးယား ကို လမ်းကြောင်းပြောင်းဖို့ တရုတ်က တွန်းအားပေးလိုက်တာဖြစ်နိုင်ပါတယ်။ အတည်တော့မပြုနိုင်ဘူးပေါ့ဗျာ။” ဟု ချာလီးစ်ဒန့်စ်တ်က ပြောသည်။
တရုတ်နိုင်ငံက ကမ္ဘောဒီးယားကို သံတမန်အင်အားပြခြင်း/ မပြခြင်းထက် သေချာတာတစ်ခုက မြန်မာနိုင်ငံက ပြဿနာမှာ လူတိုင်း၏စိတ်တွင် စွဲထင်ကျန်ရစ်နေဦးမည်ဖြစ်ကြောင်း ဂျွန်နီလင်းကပြောသည်။ “ကမ္ဘောဒီးယား လုပ်ဆောင်ချက်နဲ့ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိပါလိမ့်မယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ လက်ရှိ အချိန်မှာ လူတိုင်းစဉ်းစားတာက အာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ရတဲ့အောင်မြင်မှုဟာ မြန်မာ့ပြဿ နာပဲဖြစ်တယ်လို့ ဖန်တီးလိုက်တာပါပဲ။” ဟု ၎င်းကပြောသည်။