ကော့သောင်းမြို့၏ အနောက်တောင်ဘက်ရေမိုင်၌ မလေးရှားနိုင်ငံသို့ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
PUBLISHED - November 2, 2023
နေပြည်တော်၊ နိုဝင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ မလေး ရှားနိုင်ငံသို့ ပို့ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်တွင် နိုင်ငံဖြတ်ကျော်မူးယစ်ဂိုဏ်း များသည် မူးယစ်ဆေးဝါးများအား ပင်လယ်ရေလမ်းကြောင်းကို အသုံးပြုကာ မလေးရှားနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ကြိုတင်သတင်းများ ရရှိခဲ့ပါသည်။ သို့ဖြစ်၍ မြန်မာ့တပ်မတော်(ရေ)မှ ကော့သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၁၅၇ မိုင်ခန့်အကွာ၌ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ မလေးရှားနိုင်ငံဘက်သို့ ဦးတည် ခုတ်မောင်းလာသည့် စက်လှေ ၁ စီးပေါ်မှ တရားခံ မင်းမင်းစိုး၊ အောင်မင်းသူ၊ သူရဦး(၁)၊ ရန်ပိုင်စိုး၊ မြင့်ထွန်း၊ ဝင်းလှိုင်ဦး၊ သူရဦး(၂)တို့အား GUANYINWANG စာတမ်းပါ အထုပ်များအတွင်းမှ ICE ၂၆၀၀ ကီလိုဂရမ်၊ ကာလတန်းဖိုး ငွေကျပ် ၁၀၄ ဘီလီယံခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံပြေး ညီညီသည် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါး ဂိုဏ်းများဖြင့် ချိတ်ဆက်ကာ ပင်လယ်ရေ လမ်းကြောင်းကို အသုံးပြု၍ မလေးရှားနိုင်ငံသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်နေခြင်းဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးများအား မလေးရှားနိုင်ငံ ရေပိုင်နက်အတွင်းသို့ ရောက်ရှိပါက တရားခံပြေး ညီညီ ချိတ်ဆက်ပေးမည့် မလေးရှားနိုင်ငံရှိ မူးယစ်ဆေးဝါး ဝယ်ယူသူထံ လွှဲပြောင်းပေးရမည် ဖြစ်ကြောင်း ဖော်ထုတ်သိရှိရခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ တရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင် ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရားခံပြေး ညီညီ အပါအဝင် ဆက်စပ်တရားခံများအား ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း နစကမှ အသိပေးသတင်းထုတ်ပြန်ထားသည်။
#PeopleMedia