ကျိုက်လတ်မြို့နယ်အတွင်း၌ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် တရားခံ (၂၁) ဦးကို လက်နက်ခဲ ယမ်းများနှင့် ဖမ်းဆီးရမိ
PUBLISHED - November 29, 2021
နေပြည်တော်၊ နိုဝင်ဘာ ၂၉ (People Media)
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် တရားခံ (၂၁) ဦးအား လက်နက်ခဲယမ်းများနှင့် ဖမ်းဆီးရမိခဲ့ကြောင်း န-စ-က သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
တရားခံများ၏ ထွက်ဆိုချက်အရ နေနိုင်(ခ)ကိုသက် နှင့်အတူ ဇွန်လ ၁၂ ရက်တွင် ကျိုက်လတ်မြို့၊ (၁) ရပ်ကွက်ရှိ (အထက-၁) ကျောင်းဝင်း၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ ဇွန်လ ၂၉ ရက်တွင်၊ (၁) ရပ်ကွက်၊ ကျိုက်လတ်-ဖျာပုံကားလမ်းဘေး(အထက-၁)ကျောင်းရှေ့ ခြံစည်းရိုးအပြင်ဘက်၌ လက်လုပ်မိုင်း ၂ လုံးအားလည်းကောင်း၊ (၃)ရပ်ကွက်၊ ကန်တော်ကြီးလမ်း၊ မြို့နယ်ပညာရေးမှူးရုံး အနောက်ဘက်စတိုခန်း ဘေး၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ (၁)ရပ်ကွက်၊ ကျိုက်လတ်-ဖျာပုံကားလမ်းဘေး ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း ဖောက်ခွဲခဲ့ရာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်မှ အပြစ်မဲ့ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ထွဋ်နောင်ဦး(ခ)စီးဖိန်နှင့် ပြည့်ဖြိုးအောင်(ခ)ကိုပြည့်တို့ ၂ ဦးသည် အောက်တိုဘာလ ၃ ရက်တွင် ဒေးဒရဲမြို့နယ်၊ ချောင်းဖျားကြီးကျေးရွာရှိ မြို့အဝင် ဆိုင်းဘုတ်အနီး၌ လက်လုပ်မိုင်း ၁ လုံးအားလည်းကောင်း၊ အောက်တိုဘာလ ၁၀ ရက် တွင် ကျိုက်လတ်မြို့၊ (၂)ရပ်ကွက်၊ (၂)လမ်းရှိ မြို့နယ်လျှပ်စစ်ရုံးရှေ့၌ လက်လုပ်မိုင်း ၃ လုံးအားလည်းကောင်း၊ ပြည့်ဖြိုးအောင်(ခ)ကိုပြည့်နှင့် ဒူးရှည် တို့ ၂ ဦးသည် အောက်တို ဘာလ ၂၀ ရက်တွင် ကျိုက်လတ်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာရှိ Mytel တာဝါတိုင်အား လက်လုပ်မိုင်း ၁ လုံးဖြင့်လည်းကောင်း ဖောက်ခွဲခဲ့ကြောင်းနှင့် ဖောက်ခွဲဖျက်ဆီးမှု စုစုပေါင်း ၇ ကြိမ်ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
ဖြစ်စဉ်တွင် တရားခံ ကျား ၁၇ ဦး၊ မ ၄ ဦး၊ ပေါင်း ၂၁ ဦးအား ပစ္စတို ၂ လက်၊ ၎င်းကျည် ၂၀ တောင့်၊ ကျည်အိမ် ၂ ခု၊ လက်လုပ်လေသေနတ် ၂ လက်၊ စနိုက်ပါ မှန်ပြောင်း ၁ ခု၊ လက်လုပ်မိုင်း ၂ လုံး၊ TNT ယမ်း ၅ တောင့်၊ ဒီတိုနေတာ ၅ ချောင်း၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ သဉ္ဇာလင်း၊ အောင်အောင်ဦး၊ ထွန်းထွန်း၊ ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သော နေခြည်အေးမြင့်၊ ဂျစ်တူး(ခ)ဝေမာလွင်(ဘိုကလေးမြို့နယ်)နှင့် သန်းထိုက်ဦး (ကျိုက် လတ်မြို့နယ်)တို့မှ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် Mission များ သတ်မှတ်၍ ထောက်ပံ့ပေးလျက်ရှိ ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။
#PeopleMedia #ကျိုက်လတ်မြို့
(unicode)
…………………………………………………………………