ကျိုက်ထိုမြို့နယ်၊ ကန်ပွန်းချောင်းကျေးရွာရှိ အထက်တန်းကျောင်းအတွင်းသို့ လက်လုပ်ဗုံးပစ်သွင်းခံရပြီး ပေါက်ကွဲမှု ဖြစ်ပေါ်

PUBLISHED - January 6, 2022
မော်လမြိုင်၊ ဇန်နဝါရီ ၆ (People Media)
ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့နယ်၊ ကန်ပွန်းချောင်းကျေးရွာရှိ အထက်တန်း ကျောင်းအတွင်းသို့ လက်လုပ်ဗုံးပစ်သွင်းခံရပြီး ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ကျောင်းသားမိဘ တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။
“ဒီနေ့ နံနက်ပိုင်း ကျောင်းဧရိယာထဲကို ဗုံးပစ်သွင်းခံရတာပါ။ ရဲတပ်ဖွဲ့ဝင်နှစ်ဦးနဲ့ ကျောင်းသားမိဘတစ်ဦး ဗုံးစ ထိမှန်ဒဏ်ရာရပါတယ်။ မစိုးရိမ်ရပါဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖြစ်စဉ်မှာ ယနေ့ နံနက် (၈း၃၅) အချိန်၌ အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်သည် ကျောင်းဧရိယာ အတွင်းသို့ လက်ပစ်ဗုံး ပစ်သွင်းပြီး ဆိုင်ကယ်ကို အရှိန်ဖြင့် မောင်းထွက်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်။
“ကိုယ်သားသမီးတွေ စစ်ကျွန်ပညာရေးလို့ သတ်မှတ်လို့ မထားရင် မထားနဲ့ပေါ့ဗျာ။ ဒါက ကျောင်းသားမိဘတွေ ကိုယ်တိုင်ဆုံးဖြတ်ရတာပဲ။ ကျောင်းတက်နေတဲ့ ကလေးငယ်တွေကို စိတ်ရော လူရော ထိခိုက်မှုဖြစ်အောင် မ လုပ်သင့်ဘူး” လို့ ရွာသားတစ်ဦးက ပြောသည်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များရှိ စာသင်ကျောင်းများ၌ မိုင်းထောင်၊ မိုင်းခွဲခြင်းများ ဖြစ်ပေါ်လျက်ရှိ သည်။
#PeopleMedia #ပညာရေး #မွန်ပြည်နယ်
(unicode)
………………………………………………………….