ကျိုင်းတုံမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၃၇၅ဝဝ ကျော်တန်ဖိုးရှိ အိုက်စ်များသိမ်းဆည်းရမိ

PUBLISHED - September 17, 2019
နေပြည်တော် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ပန်မတ်ကျေးရွာအထွက်၌ ဆာလာအိတ်များတင်ဆောင်လာသော ဆိုင်ကယ်လေးစီးနှင့် လူခြောက်ဦးတို့အား တွေ့ရှိသဖြင့် သတင်းအရစစ်ဆေးရန် တားဆီးစဉ် အစစ်ဆေးမခံဘဲ ဆာလာအိတ်များပစ်ချ၍ နောက်ကြောင်းပြန် ထွက်ပြေးသွားခဲ့သည်။
အဆိုပါ ဆာလာအိတ်များအား ရှာဖွေစစ်ဆေးရာ အိတ်များအတွင်းမှ အိုက်စ် ၁၅ဝ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၃၇၅ဝဝ ခန့်)ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့၊ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။