• Follow Us on
Latest News

Home ကျင်ဒွေးမြို့တွင် ဒေသခံပြည်သူ (၃၀၀)ကျော်ကို ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးသွား

ကျင်ဒွေးမြို့တွင် ဒေသခံပြည်သူ (၃၀၀)ကျော်ကို ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးသွား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃

 

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ ဒေသခံပြည်သူ အယောက် (၃၀၀)ကျော်ကို ချင်းလက် နက်ကိုင် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးသွားကြောင်း သိရသည်။

 

ဒီဇင်ဘာလ (၂၄)ရက်က ကျင်ဒွေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF/AA/CDF/CNA ပူးပေါင်းအဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ရာမှ ဗုံးခိုကျင်းတွင် ပုန်းအောင်းနေသည့် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ (၃၀၀)ကျော်ကို ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့များက ဓားစာခံအဖြစ် ဖမ်းဆီးသွားခြင်း ဖြစ်သည်။

 

အဆိုပါ ဖမ်းဆီးခံရသည့် ပြည်သူ (၃၀၀)ကျော်အတွင်းမှ ပြည်သူ (၂၁၀)ခန့်အား မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် အတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကန်ပက်လက်မြို့နယ်၊ အောက်ကန့်ရွာသို့ ပြည်သူ (၉၀)ကျော်၊ ကျင်ဒွေးမြို့၏ အနောက်ဘက်သို့ ပြည်သူ (၆၀)ကျော် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျင်ဒွေးမြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

ဖမ်းဆီးခံထားရသည့် ဒေသခံများအား လက်ရှိအချိန်ထိ ဆက်သွယ်၍ မရသေးကြောင်းနှင့် ကျင်ဒွေးမြို့ကို သိမ်းနိုင်ပါက ဖမ်းဆီးထားသည့် ပြည်သူများကို ပြန်လည်ပို့ဆောင်ပေးမည်ဟု ချင်းလက်နက်ကိုင်များက ပြောကြားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ကျင်ဒွေးမြို့တွင် ချင်းမျိုးနွယ်စုတစ်ခုဖြစ်သည့် အူပူမျိုးနွယ်စုများ နေထိုင်ကြခြင်းဖြစ်ပြီး ကျင်ဒွေးမြို့၏ အနောက်ဘက်တွင် နေထိုင်သည့် လက်နက်ကိုင်ဆောင်သော ချင်းမျိုးနွယ်စု တစ်စုဖြစ်သည့် ဒိုင်မျိုးနွယ်စုမှ အူပူမျိုးနွယ်စုကို အမုန်းတရားဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကျင်ဒွေးမြို့ခံတစ်ဦးက ပြောသည်။

 

ဒိုင်မျိုးနွယ်စုများအနေဖြင့် အူပူမျိုးနွယ်စုများကို ဖမ်းဆီးခြင်း၊ ရိုက်နှတ်ခြင်းများ ပြုလုပ်သည့်အပြင် အူပူ မျိုးနွယ်စုများကို ကျင်ဒွေးမြို့မှ ထွက်ခွါ၍ မရစေရန် ပိတ်ဆို့ထားသည်မှာ သုံးနှစ်နီးပါးထိ ကြာမြင့်လာပြီ ဖြစ်ကြောင်းနှင့် အူပူမျိုးနွယ်စုများ၏ စားနပ်ရိက္ခာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပို့ဆောင် ပေးနေခြင်း ဖြစ်ကြောင်း ၎င်းက ထပ်မံပြောပြသည်။

 

လက်ရှိ ဒိုင်လူမျိုးစုများအနေဖြင့် မျိုးနွယ်စုအမုန်းတရားဖြင့် အူပူမျိုးနွယ်စုဝင် (၃၀၀)ကျော်ကို ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများ စသည့် လုပ်ရပ်များကို နောင်တစ်ချိန်တွင် ဒိုင်လူမျိုးစုများအနေဖြင့် တာဝန်ယူ ဖြေရှင်းပေး ရမည်ဖြစ်ကြောင်း နှင့် ယင်းလုပ်ရပ်များအပေါ် ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း အူပူမျိုးနွယ်ဝင် တစ်ဦး ဖြစ်သည့် ကျင်ဒွေးမြို့ ဒေသခံက ပြောကြားထားသည်။

 

#PeopleMedia


Share this post