ကျင်ဒွေးမြို့ရှိ ရပ်ကွက်များအားလုံးကို ချင်း PDF အဖွဲ့များ ထိန်းချုပ်၊ ကျောင်းအတွင်းရှိ ပြည်သူ ၃၇၉ ဦး ပိတ်မိဆဲ
PUBLISHED - February 28, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ ရပ်ကွက်များအားလုံးကို ချင်း PDF ပူးပေါင်းအဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၂၈)ရက် နံနက် (၈)နာရီ (၂၀)မိနစ်အချိန်က ချင်း PDF ပူးပေါင်းအဖွဲ့ဝင် ခန့်မှန်းအင်အား (၅၀၀)ကျော်မှ ကျင်ဒွေးမြို့ကို လက်နက်ငယ်၊ စနိုက်ပါ၊ ၄၀မမ ဗုံးပစ်လောင်ချာ၊ လက်လုပ်စိန်ပြောင်း၊ တရုတ်စက်လက်၊ ဒရုန်းဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ယင်းသို့ တိုက်ခိုက်မှုကြောင့် ကျင်ဒွေးမြို့ ရဲစခန်း ဂိတ် (၁)တွင် တာဝန်ကျနေသည့် ပြည်သူ့စစ် (၁)ဦးဖြစ်သည့် ဦးမောင်တင်သည် စနိုက်ပါကျည် ညာဘက်နားထင်ဖောက်ဝင်ပြီး ဘယ်ဘက်နားထင် ကျည်ဖောက်ထွက် ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ချင်းPDF ပူးပေါင်းအဖွဲ့ဝင်များသည် ကျင်ဒွေးမြို့ရှိ ရပ်ကွက် (၄)ခုလုံးအား ထိန်းချုပ်နိုင်သွား ပြီဖြစ်ပြီး ကျင်ဒွေးမြို့ ရဲစခန်းနှင့် အထက ကျောင်းသာ ကျန်ရှိတော့ကြောင်း သိရသည်။
“မနက်ကနေစတိုက်တယ်။ ပြည်သူ့စစ်တစ်ယောက်ကတော့ ခေါင်းကိုကျည်ထိတာပေါ့။ ထိပြီး ကျတာပေါ့။ ကျင်ဒွေးမြို့ အထကကျောင်းနဲ့ ရဲစခန်းနဲ့က ကပ်လျက် အဲဒါပဲကျန်တော့တာ။ အရင်က ရပ်ကွက်နဲ့ ရဲစခန်း ကြားက ကာကင်းကျန်သေးတယ်။ ခုတော့ ဆုတ်လိုက်ရပြီ။ အင်အားက တပ်နဲ့ ပြည်သူ့စစ် စုစုပေါင်းဆို (၁၃၀) လောက်ရှိတယ်။ ဒဏ်ရာရရှိတာက ခုထက်ထိဆို (၂၃)ယောက်ရှိပြီ” ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ကျင်ဒွေးမြို့ အထကကျောင်းဝန်းအတွင်းတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ (၃၇၉) ဦး ပိတ်မိနေပြီး စားနပ်ရိက္ခာနှင့် ရေများပြတ်လပ်သွားပြီဖြစ်သောကြောင့် ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အမြန်ဆုံး ကယ်ထုတ်ပေးနိုင်ရန် ကျင်ဒွေးမြို့ဒေသခံများမှ တောင်းဆိုနေကြသည်။
“ကျင်ဒွေးမှာ ဆန်က မကျန်တော့ဘူး။ မြေအောက်ထဲမှာ စပါးတွေ ထောင်းပြီး စားနေရတယ်။ တပ်ကလည်း ရိက္ခာမရှိတော့ဘူး။ ရေကလည်း ပြတ်တာကြာပေါ့။ ရေကလည်း မြောင်းထဲက ရေအဝါတွေနဲ့ ထမင်းချက် စားနေရတာ။ ဆေးဝါးတွေလည်း ပြတ်လပ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ကျင်ဒွေးမြို့ကို ချင်း PDF ပူးပေါင်းအဖွဲ့ဝင်များမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်မှ စတင် ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ (၆၈)ရက်ကြာ တိုက်ခိုက်နေခြင်းကြောင့် ပညာရေးဝန်ထမ်း (၂)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၂၃)ဦးထိ ရှိလာပြီဖြစ်သည်။
#PeopleMedia