ကျင်ဒွေးမြို့ အထကကျောင်းထဲ၌ ပိတ်မိနေသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် တပ်မတော်သား မိသားစုဝင် (၃၈၁) ဦး ရက်ပေါင်း (၄၀) ကျော်ကြာပိတ်မိနေသော်လည်း ကယ်ထုတ်နိုင်ခြင်းမရှိ
PUBLISHED - February 2, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂
ကျင်ဒွေးမြို့ အထကကျောင်းထဲ၌ ပိတ်မိနေသည့် နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် တပ်မတော်သား မိသားစုဝင် (၃၈၁)ဦး ရက်ပေါင်း (၄၂)ရက်ကြာ ပိတ်မိနေသော်လည်း ကယ်ထုတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကို ချင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့များသည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်မှ လက်ရှိအချိထိ ရက်(၄၀)ကျော်ကြာ တိုက်ခိုက်နေခြင်းဖြစ်သည်။
၎င်းသို့ တိုက်ခိုက်နေခြင်းကြောင့် ကျင်ဒွေးမြို့ ဒေသခံပြည်သူ (၃၅၃)ဦးနှင့် အစိုးရဝန်ထမ်း (၂၈)ဦးတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ တည်ရှိသည့် ကျင်ဒွေး အထကကျောင်းသို့ လာရောက်ခိုလှုံလျက်ရှိပြီး လက်ရှိ အချိန်တွင် ချင်းလက်နက်ကိုင်အဖွဲ့ဝင်များမှ ရေပိုက်လိုင်းကို ဖြတ်တောက်ထားခြင်းကြောင့် သောက်သုံးရေ အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကာ လက်ရှိအချိန်တွင် ရက်သတ္တပတ် တစ်ပတ်စာခန့်သာ သုံးစွဲရန် ကျန်ရှိနေကြောင်း သိရသည်။
ချင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့ဝင်များသည် ဇန်နဝါရီလ (၃၀)ရက်က ကျင်ဒွေးမြို့ကို အင်အား (၅၀၀)ခန့်ဖြင့် ဝန်းရံပိတ်ဆို့ပြီး တရုတ်စက်လက်၊ စနိုက်ပါ၊ လက်နက်ငယ်၊ ဒရုန်းဗုံးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ကျင်ဒွေးမြို့ ရဲစခန်းဂိတ်များ၊ ကာကင်းများနှင့် (၆)ခန်းတွဲ သုံးထပ်ဆောင်များအပေါ်သို့ စုစုပေါင်း ဒရုန်းဗုံး (၂၄)လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ယင်းအပြင် ဇန်နဝါရီလ (၃၁)ရက်ကလည်း ချင်းလက်နက်ကိုင် ပူးပေါင်းအဖွဲ့ဝင်များသည် ကျင်ဒွေးမြို့ကို တရုတ်စက်လက်၊ စနိုက်ပါ၊ လက်နက်ငယ်၊ ၄၀မမ ဗုံးပစ်လောင်ချာများ၊ ရှော့တိုက်ဒုန်းများ၊ ဒရုန်းဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရဲစခန်းတောင်ဘက်ကာကင်းအနီးသို့ ဒရုန်းဗုံး (၁၆)လုံး ကျရောက်ပေါက်ကွဲခဲ့ သည်။
ယမန်နေ့ ဖေဖော်ဝါရီလ (၁)ရက်က ချင်းလက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ကျင်ဒွေးမြို့ကို တရုတ်စက်လက်၊ ရှော့တိုက်ဒုန်း၊ ၄၀မမ လက်လုပ်စိန်ပြောင်း၊ စနိုက်ပါ၊ လက်နယ်ငယ်၊ RPG၊ ဒရုန်းဗုံး၊ လက်နက်ကြီးငယ်မျိုးစုံဖြင့် နေရာစုံမှ တိုက်ခိုက်ခဲ့သောကြောင့် ကျင်ဒွေးမြို့ ရဲစခန်းဝန်းအတွင်းသို့ ဒရုန်းဗုံး (၁၂)လုံးနှင့် ၄၀မမ ဗုံးသီး (၁)လုံး ကျရောက်ပေါက်ကွဲခဲ့သည်။
ယင်းသို့ ချင်းလက်နက်ကိုင်ပူးပေါင်းအဖွဲ့ဝင်များ၏ တိုက်ခိုက်နေမှုကြောင့် ဒေသခံပြည်သူများနှင့် အစိုးရ ဝန်ထမ်းများ၊ တပ်မတော်သားမိသားစုဝင်များသည် အသက်အိုးအိမ်စိုးရိမ်ပြုန်းတီးမှုများမှ ကာကွယ်ပေးနိုင်ရန် အတွက် တပ်မတော်မှ ရဟတ်ယာဉ်များဖြင့် လုံခြုံသည့် နေရာများသို့ ပို့ဆောင်ပေးနိုင်ရန် နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ တင်ပြထားကြောင်း သိရသည်။
#PeopleMedia