ကျားဖြန့်လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော တရုတ်နိုင်ငံသား တရားခံ ၃၁၃ ဦးအား လွှဲပြောင်းပေးအပ်
PUBLISHED - October 1, 2024
နေပြည်တော်၊ အောက်တိုဘာ ၁
အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်လျက်ရှိသော တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးအား ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း နစကမှ သိရသည်။
၂၀၂၄ခုနှစ်၊ စက်တင်ဘာလအတွင်း မူဆယ်မြို့ပေါ်တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦး ပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးနှင့် မြန်မာနိုင်ငံသား တရားခံ ၅၅၇ ဦး၊ စုစုပေါင်း တရားခံ ၈၇၀ ဦးတို့နှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင်အသုံးပြုသည့် သက်သေခံပစ္စည်းများဖြစ်သော ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ လက်ကိုင်ဖုန်းများနှင့် Scam စက်များအား သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအပြင် ဒုစရိုက်မှုများအခြေပြုဆောင်ရွက်လျက်ရှိသည့် အဆောက်အဦများ ကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ချိပ်ပိတ်သိမ်းဆည်း တရားစွဲတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသော တရုတ်နိုင်ငံသား တရားခံပြေး ၄၅ ဦးပါ တရုတ်နိုင်ငံသား စုစုပေါင်း ၃၁၃ ဦးတို့အား မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများနှင့်အညီ အမှုဖွင့်အရေးယူထားပြီး ၎င်းတို့အား တရုတ်နိုင်ငံအနေဖြင့် ဆက်လက်အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုံလောက်သော အစောင့်အရှောက်များဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၆ရက်နေ့တွင် ယူနန်ပြည်နယ်၊ ရွှေလီမြို့ရှိ နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် လုပ်ထုံး လုပ်နည်းနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ၊ အွန်လိုင်းလောင်းကစားလုပ်ငန်းများ တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများမှ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြည်တွင်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia