ကျိုင်းတုံမြို့နယ်တွင် ကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် လက်နက်/ခဲယမ်းများ ဖမ်းဆီးရမိ
PUBLISHED - January 27, 2024
နေပြည်တော်၊ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလိုနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
သတင်းအရ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီတွင် ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်း ဆတ်သွား ကားလမ်း၊ နားကော် (၃)ရွာအနီး၌ စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသည့် TOYOTA HILUX REVO မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေခဲ့ရာ အားစော နှင့် အားကော် တို့ သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၀၀ ၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁,၅၀၂ ကီလို၊ ကတ်တမင်း ၅၅ ကီလိုနှင့် M 16 သေနတ် ၁ လက်၊ ၎င်းကျည အတောင့် ၃၀၊ M 22 သေနတ် ၁လက်၊ ၎င်းကျည် အတောင့် ၃၀ တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia