ကျိုင်းတုံမြို့နယ်တွင် TOYOTA HILUX ယာဉ်ပေါ်မှ ကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိ

PUBLISHED - June 13, 2024
နေပြည်တော်၊ ဇွန် ၁၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် TOYOTA HILUX မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀ ကီလိုနှင့် ကက်တမင်း ၂၀၀ ကီလို ဖမ်းဆီးရမိခဲ့ ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-တာချီလိတ်သွားကားလမ်းနှင့် မြို့ရှောင်လမ်းဆုံတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် TOYOTA HILUX မော်တော်ယာဉ်အား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစဉ် အဆိုပါယာဉ်မှာ ဂျိုးဖြူကျေးရွာလမ်းဆုံအနီးရှိ လမ်းဘေး ရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့ရာ ယာဉ်ပေါ်ပါ မျိုးကို (ခ) မျိုးကြီးအား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်း ရဲကြီးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သဖြင့် အဆိုပါယာဉ်အားရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလီယံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၅၀၀ ကီလို၊ ကက်တမင်း ၂၀၀ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ယာဉ်ပိုင်ရှင်ထက်ကြည်စိုးအား ဇွန်လ ၉ ရက်နေ့ နံနက် ၁ နာရီအချိန် ကျိုင်းတုံမြို့၊ ရပ်ကွက် (၃) ရှိ ၎င်း၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်မှ ကျိုင်းတုံသို့သယ်ဆောင်ခဲ့သည့် NISSAN DIESEL ၁၀ ဘီးမော်တော် ယာဉ်အား ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာကားကြီးကွင်းရှေ့တွင် ဆက်လက်သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကွန်ဟိန်းမြို့နယ်မှ တာချီလိတ်မြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ် ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက် လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
#PeopleMedia