ကျောက်ဆည်မြို့နယ်တွင် တောင်ကျချောင်းဖြတ်မောင်းသည့် ကားတစ်စီးရေထဲမျောပါသွားပြီး ယာဉ်မောင်သေဆုံး
PUBLISHED - October 2, 2024
နေပြည်တော်၊ အောက်တိုဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဘိလပ်မြေစက်ရုံအနီးတွင် ယမန်နေ့ ညပိုင်းအချိန်က ကားတစ်စီး တောင်ကျချောင်းဖြတ်မောင်းရင်း ရေထဲမျောပါသွားပြီး ယာဉ်မောင်သေဆုံးသွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီး ကော်မတီမှ သိရသည်။
ယမန်နေ့ ညပိုင်းက ကျောက်ဆည်မြို့နယ် ဘိလပ်မြေစက်ရုံအနီး တောင်ကျချောင်းတစ်ခု၌ မော်တော်ယာဉ် တစ်စီး ဖြတ်သန်းချိန် တောင်ကျရေအရှိန်ကြောင့် Probox အမျိုးအစား ယာဉ်တစ်စီးနှင့် ယာဉ်မောင်းတစ်ဦး ရေထဲမျောပါသွားခဲ့သဖြင့် ပူးပေါင်းအဖွဲ့များမှ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ရေထဲမျောသွားသည့် ယာဉ်နှင့် ယာဉ်မောင်းဖြစ်သူ၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိခဲ့၍ ဆယ်တင်ခဲ့နိုင်ခဲ့ကြောင်း သိရသည်။
#PeopleMedia