ကျောက်ဆည်-မင်းစုဘူတာအကြားရှိ ရထားလမ်းအား အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းဖောက်ခွဲ
PUBLISHED - March 11, 2024
နေပြည်တော်၊ မတ် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်- မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစု ဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင် တံတားနှင့် ကွန်ကရစ်တံတားများပေါ်တွင် ယမန်နေ့ နံနက် ၈ နာရီ ၄၀ အချိန်ခန့်တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
မိုင်းပေါက်ကွဲကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ တံတားများရှိ အရှေ့ ဘက်ခြမ်းသံလမ်းများ (၂) ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေး သော လက်ကျန်မိုင်း (၁) လုံးအား တွေ့ရှိခဲ့ သဖြင့် မင်းစု-ကျောက်ဆည် အစုန်/အဆန်လမ်းပိုင်းများအား နံနက်၈ နာရီ ၅၀ မိနစ်အချိန်တွင် ခေတ္တပိတ်ခဲ့ ရကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မပေါက်ကွဲသေးသည့်မိုင်းအား သက်မဲ့ပြုလုပ် ရှင်းလင်း ခြင်းများဆောင်ရွက်ခဲ့ပြီး၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း ရထားလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် ပျက်စီးသွားသော ရထားလမ်းပိုင်းအား ချက်ချင်းပြုပြင်မွမ်းမံဆောင်ရွက်နိုင်ခဲ့သဖြင့် ကျောက် ဆည်-မင်းစု အဆန်လမ်းပိုင်းကို နေ့လည် ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းအား နေ့လည် ၃ နာရီ ၂၀ မိနစ် အချိန်တို့တွင် အသီးသီးပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် လူစီးရထားများကြန့်ကြာမှုမရှိသော်လည်း ကုန်ရထားများကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပြီး၊ ၇၅ ပေါင်သံလမ်း၊ ကွန်ကရစ် ဇလီဖားတုံးနှင့် သစ်သား ဇလီဖားတုံးများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ ဖျက်ဆီးခြင်း (၁၃၀) ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၉) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂) ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။
#PeopleMedia