ကျောက်တံခါးမြို့နယ်အတွင်းရှိ ရထားလမ်းအား အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းခွဲဖျက်စီး

PUBLISHED - July 20, 2023
နေပြည်တော်၊ ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါးဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြားရှိ ရထားလမ်းအား အကြမ်းဖက်သောင်းကျန်းသူများမှ မိုင်းခွဲဖျက်စီးခဲ့ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူများ ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ ဆောင်မှုများ အဆင်ပြေချောမွေ့စေရေးအတွက်ရည်ရွယ်၍ အမြန်လူစီးရထား (၁၈) စင်း၊ စာပို့ရထား (၁၄) စင်း၊ လူစီးကုန်တင်ရထား (၈) စင်း၊ RBE လူစီး(၂)စင်းတို့နှင့် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထား (၃၅) စင်း၊ စုစုပေါင်းလူစီးရထား (၇၇)စင်းနှင့် ကုန်ရထား (၆) စင်းကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။
ထို့သို့ ခရီးသည်ရထားများ၊ ကုန်ရထားခရီးစဉ်များကို စီစဉ်ဆောင်ရွက်ပေးလျှက်ရှိရာတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ အမြန်ရထား(၄)စင်း၊ စာပို့ရထား (၂) စင်း၊ လူစီးကုန်တင်ရထား (၂) စင်းနှင့် ကုန်ရထား (၃)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန်မှ ဇူလိုင် ၁၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးသို့ ပုံမှန်ထွက်ခွါလာသော အမှတ် (၃) အဆန် လူစီးအမြန်ရထားသည် ည ၉ နာရီ ၁၈ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါးဘူတာနှင့် ပဲနွယ်ကုန်းဘူတာအကြား မိုင်တိုင်အမှတ် (၁၀၉/၂၀-၂၁)အားအရောက်တွင် ရထားမီးရောင်ဖြင့် သံလမ်းများကွေးနေပြီး ရထားလမ်းဇလီ ဖားတုံးများ ထောင်လျက်ဖြစ်နေကြောင်း မြင်တွေ့ရသဖြင့် ရထားအား အချိန်မီရပ်တန့်ခဲ့ပြီး ခရီးသည်များ၏ လုံခြုံရေးအရရထားအား ပြန်လည်နောက်ဆုတ်ခဲ့ရာ ည ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ကျောက်တံခါးဘူတာသို့ ရောက်ရှိပြီး လမ်းပိုင်းအား ည ၁၁ နာရီ ၅၆ မိနစ်ခန့်တွင် ယာယီပိတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများက ရထားလမ်းတံတားအား မိုင်း ထောင်ဖျက်စီးထားမှုကြောင့် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်ရှိ ပေ(၆၀) ကွန်ကရစ်တံတားအမှတ် ၁၆၁ ပေါ်ရှိ အဆန်လမ်းသံလမ်း(၂) ဖက်သည် အရှည်(၁၁)မီတာခန့်နှင့် အစုန်လမ်းပေါ်ရှိ အရှည်(၅၀)မီတာခန့် သံလမ်း များကွေးကောက်ပျက်စီးနေခြင်း၊ ကွန်ကရစ် ဇလီဖားတုံးများပျက်စီးခြင်း၊ တံတား၏ကွန်ကရစ်ကြမ်းခင်း အလျား (၄)ပေ၊ အနံ(၄)ပေခန့် ပျက်စီးနေသဖြင့် ရထားလမ်းပျက်စီးမှုအား ညတွင်းချင်းပြန်လည်ပြုပြင်ခဲ့ကာ လမ်း ပိုင်းအား ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီ ၄၁ မိနစ်တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းဖြစ်စဉ်ကြောင့် အမှတ် (၃) အဆန် လူစီးအမြန်ရထားသည် ၉ နာရီ ၂၇ မိနစ်၊ အမှတ် (၆) အစုန် လူစီးအမြန်ရထားသည် ၅ နာရီ ၄၅ မိနစ်နှင့် အမှတ်(၄)အစုန်လူစီးအမြန်ရထား သည် ၄ နာရီ ၂၃ မိနစ် နီး စပ်ရာဘူတာများတွင် စောင့်ဆိုင်းကြန့်ကြာခဲ့ရသဖြင့် ရထားစီးခရီးသည် စုစုပေါင်း(၁၅၀၀)ဦးခန့်တို့သည် လမ်းခရီး၌အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲ ဖျက်စီးခြင်း(၁၁၂)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်စီးခြင်း (၄၁)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်း နေအိမ်များအား မီးရှို့ဖျက်စီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ကြောင်း သိရသည်။
#PeopleMedia