ကျောက်ပန်းတောင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး သားအဖနှစ်ဦး PDF က ပစ်ခတ်မှုကြောင့် သေဆုံး
PUBLISHED - April 9, 2024
နေပြည်တော်၊ ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ နှစ်ဦးကို PDF အဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။
ဧပြီလ (၈)ရက် နေ့ခင်း (၂)နာရီခန့်က တံခွန်တိုင်ကျေးရွာတွင် နေထိုင်သည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းမြင့် (၆၅)နှစ်နှင့် ၎င်း၏သားဖြစ်သူ ဦးဝင်းမင်းသန့် (၄၀)နှစ်တို့ နှစ်ဦးသည် နေအိမ်တွင် ရှိနေစဉ် PDF အဖွဲ့ဝင် (၆)ဦးသည် ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာသည်။
ယင်းနောက် PDF အဖွဲ့ဝင် (၆)ဦးသည် ဦးသိန်းမြင့်တို့ သားအဖ နှစ်ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ကျေးရွာ၏ အရှေ့ဘက်လမ်းအတိုင်း မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဦးသိန်းမြင့်တွင် ဝဲနားထင် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲလက်ဖျံ ကျည်ဖောက် ဝင်ဒဏ်ရာ (၁)ချက်၊ သားဖြစ်သူ ဦးဝင်းမင်းသန့်တွင် နဖူး ကျည်ဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ဝဲရင်အုံ ကျည် ဖောက်ဝင်ဒဏ်ရာ (၁)ချက် စသည့် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွါးသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ (၂၄)ရက်ကလည်း ကျောက်ပန်းတောင်းမြို့နယ်၊ သပြေကိုင်းကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်တင်စိန် (၅၆)နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးခဲ့သည်။
#PeopleMedia